DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် စက်ရုံပိတ်လိုက်သဖြင့် မြန်မာလုပ်သား ၂၅၀ ခန့် အလုပ်လက်မဲ့ဖြစ်နေ
DVB
·
February 1, 2020
ကန်ကျနပူရီတွင် စက်ရုံပိတ်လိုက်သဖြင့် မြန်မာလုပ်သား ၂၅၀ ခန့် အလုပ်လက်မဲ့ဖြစ်နေ
Donate to DVB

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်မှာ စက်ရုံတရုံက အလုပ်သမားတွေကို ကြိုတင်အကြောင်းမကြားဘဲ ပိတ်ပစ်လိုက်တဲ့အတွက် အလုပ်သမား ပေါင်း ၂၅၀ လောက် အလုပ်ပြုတ်သွားခဲ့ရပြီး အခက်အခဲ ကြုံတွေ့နေရပါတယ်။

ကန်ကျနပူရီခရိုင် ထာ့မကာမြို့ထဲက သတ္တုပုံလောင်းလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စီကာကုမ္ပဏီဟာ ဇန်နဝါရီ ၃၀ ရက်နေ့က ရုတ်တရက် စက်ရုံပိတ်လိုက်တဲ့အတွက် အလုပ်သမားတွေဟာ ကြိုတင်ပြင်ဆင်ချိန်မရလို့ အလုပ်လက်မဲ့ ဖြစ်ကုန်တယ်လို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ ထိုင်း-မြန်မာ အခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီ AAC မဟာမိတ်အဖွဲ့တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“စက်ရုံက ဒေဝါလီခံသွားတာပေါ့နော်။ စက်ရုံအလုပ်ရုံ သူဌေးက ကြိုတင်အသိပေးခြင်း မရှိဘဲနဲ့ အလုပ်ရုံ ပိတ်တာ၊ ပြီးတော့ တရုတ်နိုင်ငံကို ပြန်ပြေးသွားတာ။ အလုပ်သမားတွေက ကျနော်တို့ဆီ ဆက်သွယ်လာလို့ ကျနော်တို့ကလည်း မြန်မာသံရုံး အလုပ်သမား သံအရာရှိတွေနဲ့ ချိတ်ဆက်ပေးလိုက်တယ်။ သူတို့ ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေ ရဖို့နဲ့ အလုပ်အကိုင်သစ်တွေ ရဖို့ပေါ့။ လုပ်အားခတွေတော့ အကုန်ရှင်းပြီးပြီ။ ဒါပေမဲ့ အလုပ်သမား ဥပဒေအရ ကြိုတင်အသိမပေးဘဲ ရုတ်တရက် အလုပ်ထုတ်ခံရရင် မိမိလုပ်သက်အလိုက် နစ်နာကြေးတွေ ရခွင့်ရှိတယ်။ သံအရာရှိတွေလည်း ကိုယ်စားလှယ်လွှတ်ပြီး သွားစစ်ဆေးတယ်လို့ ပြောပါတယ်။” 

အဆိုပါအလုပ်သမားတွေမှာ အမ်အိုယူလမ်းကြောင်းမှ တရားဝင် ဝင်ရောက်လာသူတွေ ဖြစ်ပြီး လုပ်သက်မှာ အနည်းဆုံး ၂ လမှ အများဆုံး ၃ နှစ်အထိ ရှိတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ အလုပ်သမား သံအရာရှိတွေက လုပ်သက်အလိုက် နစ်နာကြေးနဲ့ သူတို့ အလုပ်အကိုင်သစ်ရရေးတွေ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပြီး အလုပ်သမား ၁၃၀ ကျော်ကတော့ ထိုင်းမှာ ဆက်မနေလိုတော့ဘဲ သူတို့သဘောနဲ့သူတို့ မြန်မာပြည် ပြန်လာခဲ့တယ်လို့ ကိုရဲမင်းက ပြောပါတယ်။ 

အဆိုပါအလုပ်သမားတွေဟာ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းတို့က ဖြစ်ပြီး မိမိနေအိမ် အဆင်ပြေ ချောမွေ့စွာ ပြန်ရောက်စေဖို့ မြဝတီအခြေစိုက် ကျောက်လုံးကြီး လူကယ်ပြန်စခန်းကနေ လိုအပ်တာ စီစဉ်ပေးနေတယ်လို့ မြဝတီမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ဝင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ အလုပ်သမားတွေ ခုလို ဒုက္ခရောက်လာတယ်ဆိုရင် သက်ဆိုင်ရာ အလုပ်သမား သံအရာရှိတွေနဲ့ ညှိနှိုင်းဖြေရှင်းပေးတယ်။ ရသင့်ရထိုက်တာတွေပေါ့၊ ပြီးတော့ သူတို့နေရပ်တွေ ပြန်ဖို့စီစဉ်ပေးတယ်။ ကားငှားပေးတယ်။ ကျနော်တို့ စီစဉ်ပေးတဲ့ကားနဲ့ ပြန်ရင် ကားခကုန်ကျစရာ မလိုပါဘူးခင်ဗျ။ ချက်ချင်း ပြန်လို့မရသေးတဲ့လူတွေ ဒီစခန်းမှာ ယာယီခိုနားလို့လည်း ရပါတယ်။ စားရေး သောက်ရေး အခက်အခဲရှိရင် ဒီက လူမှုကူညီရေး အဖွဲ့တွေနဲ့ ပေါင်းပြီးကူညီပေးပါတယ်။”

ထိုင်းနိုင်ငံမှာ အလုပ်သမားတွေ အလုပ်ပြုတ်ကြောင်း သတင်းတွေ ကြားသိရပေမယ့် မြန်မာပြည်ကို အစုလိုက်အပြုံလိုက် ပြန်ရောက်လာတာတော့ ဒီနှစ်ထဲ ဒီတသုတ်ပဲ ရှိသေးတယ်လို့ ဦးနိုင်ဝင်းထွန်းက ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်ထဲ အမေရိကန်က သူတို့နိုင်ငံကို တင်ပို့မယ့် ကုန်စည်တွေအပေါ် အခွန်ကင်းလွတ်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ကြေညာထားတာကြောင့် စက်ရုံ အလုပ်ရုံတွေ အတော်များများပိတ်ရမယ့် အခြေအနေရှိပြီး အလုပ်သမားပေါင်း ၅ သိန်းကျော် အလုပ်ပြုတ်သွားနိုင်တယ်လို့ အလုပ်သမားအရေး ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013