
ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး လေဟွိုင်ထရွန်ဟာ ဩဂုတ် ၂၆ ရက်မှာ မြန်မာနိုင်ငံကို တရားဝင် ခရီးစဉ်အဖြစ် သွားရောက်ဖို့ ရှိနေတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီခရီးစဉ်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဗီယက်နမ် အဆင့်မြင့်အရာရှိတယောက်ရဲ့ ပထမဆုံးသော မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်လာမှာ ဖြစ်ပါတယ်။
ခရီးစဉ်အတွင်းမှာ ဝန်ကြီးဟာ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သွားဖို့ မျှော်မှန်းထားကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ဒါ့အပြင် ဒီခရီးစဉ်ဟာ ဗီယက်နမ်နဲ့ မြန်မာ ၂ နိုင်ငံကြား သံအမတ်ကြီးအသစ်တွေ အပြန်အလှန် လဲလှယ်ခဲ့ပြီး တလအကြာမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံရဲ့ အရေးပါသော အဖွဲ့ဝင်တယောက်အဖြစ် ရှုမြင်ပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးမဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံရဲ့ ဆက်လက်ထိတွေ့ဆက်ဆံမှု၊ ကူညီပံ့ပိုးမှုတွေအတွက် အဓိက မူဘောင်အဖြစ် သတ်မှတ်ထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Source: Reuters











