DVB Logo
Home
Lead Story
မြန်မာတို့မပေါ့လျော့သင့်သည့် ကိုရိုနာဗိုင်းရပ်စ် (အယ်ဒီတာအာဘော်) 
DVB
·
January 29, 2020
မြန်မာတို့မပေါ့လျော့သင့်သည့် ကိုရိုနာဗိုင်းရပ်စ် (အယ်ဒီတာအာဘော်) 
Donate to DVB

အဖြစ်အပျက်တို့က ရှေ့ကျပြီး အစိုးရထုတ်ပြန်ချက်တို့ကား နောက်ကျကြမြဲပင်။ “တရုတ်ပြည်ကြီးဟာ မကောင်းဆိုးဝါး ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြီးကို ရင်ဆိုင်နေရပါပြီ”ဟု သမ္မတရှီကျင့်ဖျင် ပြောနေချိန်တွင် လူပေါင်းရာချီ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရပြီးပါပြီ။

၂၀၁၉ ဒီဇင်ဘာလကတည်းက ပြင်းထန်သည့် အဆုတ်ရောင်ပိုးတမျိုးကို စတင်တွေ့ရှိခဲ့သည်ဟု ဆိုပါသည်။ ဇန်နဝါရီကုန်ပိုင်းတွင် ဤရောဂါပိုးသစ်ကြောင့် သေဆုံးသူမှာ ၁၃၀ ကျော်ရှိနေပြီဟု သတင်းဌာနအချို့က ထုတ်ပြန်ခဲ့သည်။

တရုတ်အမျိုးသားကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၉ ရက်အထိ သေဆုံးသူ ၁၃၂ ယောက်၊ ရောဂါကူးစက်ခံရသူ ၆၀၀၀ ကျော်နှင့် သံသယရှိသူ ၁၀၀၀၀ ကျော်ခန့်ရှိမည်ဟု ဆိုပါသည်။ အဆိုပါသံသယရှိသူများထဲမှ ၆၈ ယောက်ကိုတော့ ဆေးရုံက ပြန်လည်ဆင်းခွင့်ပြုလိုက်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးသည် ဝူဟန်မြို့ရှိ ပင်လယ်စာရောင်းချသည့် ဈေးက အစပြုခဲ့သည်ဟု ဆိုသည်။ ပထမဦးဆုံး ရောဂါဖြစ်ပွားခဲ့သူများသည် အဆိုပါဈေးနှင့် ဆက်နွှယ်နေကြသူများ ဖြစ်သည်။ 

ထိုမှတဆင့် တရုတ်နိုင်ငံတဝန်းလုံးသို့ ပျံ့နှံ့ခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်။ တိရစ္ဆာန်ကတဆင့် လူကို ကူးစက်ခြင်းဖြစ်ပြီး လူလူချင်းကတဆင့် ကူးစက်မှုသည် ကျယ်ပြန့်လာနိုင်ကြောင်းကိုလည်း WHO အဖွဲ့က ကမ္ဘာအရပ်ရပ် ဆေးရုံများသို့လည်း တပ်လှန့်ထားသည်ကို တွေ့ရှိရသည်။

ထို့နောက်ပိုင်း တရုတ် အာဏာပိုင်များကလည်း ဝူဟန်မြို့အား ပိတ်ဆို့ ကန့်သတ်ခဲ့သည့်အပြင် မြို့တော်ပေကျင်း အပါအဝင် ပြည်နယ် ၃၀ ကိုလည်း ကန့်သတ်ထားခဲ့သည်။

ရောဂါကူးစက်မှု မပြန့်ပွားစေရန် လေဆိပ်တို့၌ တင်းကျပ်စစ်ဆေးနေသော်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုးအား တရုတ်နိုင်ငံတွေ တွေ့ရှိပြီးနောက် ဂျပန်၊ ကိုရီးယား၊ ထိုင်းနိုင်ငံ၊ မကာအို၊ စင်ကာပူ၊ အမေရိကန်နှင့် ဩစတြးလျတို့တွင်လည်း တွေ့ရှိ ခဲ့သည်။

ရောဂါကူးစက်မှု မပြန့်ပွားစေရေးအတွက် ထိုင်းနိုင်ငံကမူ တရုတ်နိုင်ငံက လာသည့် လေကြောင်းလိုင်းခရီးစဉ်အားလုံးကို ဆိုက်ရောက်သည်နှင့် လေယာဉ်တစီးလုံးအား ပိုးသတ်ပေးသည်ဟု ဆိုပါသည်။

ဟောင်ကောင်ကမူ တရုတ်ပြည်မကြီးနှင့် ဆက်သွယ်ကူးသန်းနေသော ကူးတို့ဆိပ်နှင့် မီးရထားလိုင်းများကို ရပ်နားထားလိုက်တော့သည်။ ရုရှားကလည်း နယ်စပ်ဂိတ်များကို ပိတ်ထားလိုက်တော့သည်။ WHO အဖွဲ့ကြီးမူ တနိုင်ငံနှင့်တနိုင်ငံ ကူးလူးဆက်ဆံမှုအား  တားမြစ်ပိတ်ပင်ရန် ပြောဆိုထားခြင်းမရှိသေးသလို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ် ကြေညာခြင်းလည်း မရှိသေးပေ။

မန္တလေးမြို့တွင် ရောက်ရှိနေသော တရုတ်ခရီးသွား ၇၃ ဦးအား တရုတ်အစိုးရက ဇန်နဝါရီ ၂၈ ရက်ညပိုင်းက ဝူဟန်-မန္တလေး တိုက်ရိုက်လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်သွားသည်ဟု လေဆိပ်တာဝန်ရှိသူတဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတရပ် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူ အတည်ပြုလူနာ မတွေ့ရသေးသော်လည်း  မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်မြေချင်း ထိစပ်နေသည့်အပြင် အဆက်အဆံအများဆုံးသော နိုင်ငံတခု ဖြစ်သည့်အတွက် ပိုမိုဂရုပြုသင့်သည်။ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဂိတ်များအား ပိတ်မထားသော်လည်း အထူးကြပ်မတ်စစ်ဆေးနေကြောင်း ကျန်မာရေးဦးစီးဌာနက ပြောထား ပါသည်။

သို့သော် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား နယ်စပ်တလျှောက် တရားမဝင် မှောင်ခိုလမ်းကြောင်းများသည်လည်း အလွန်ပေါများသည်ကို အားလုံးအသိပင်။ သို့ဆိုလျှင် တရားဝင်ဂိတ်များအား ကြပ်မတ်စစ်ဆေးရုံဖြင့် ပြည့်စုံမည် မဟုတ်ပေ။ ထို့အပြင် ရေကြောင်း၊ လေကြောင်းခရီးဖြင့် နိုင်ငံတွင်းကို ရောက်ရှိလာကြသူများအားလည်း တာဝန်ကျေ စစ်ဆေးပြီးရုံဖြင့် မလုံလောက်ဘဲ တရုတ်ခရီးသွားများအား စဉ်ဆက်မပြတ် စောင့်ကြည့်နေရန်  အစီအမံတခု လိုအပ်နေဦးမည်။ 

သို့ပါ၍ မြန်မာပြည်သူလူထုအားလုံးအနေဖြင့်လည်း ကိုရိုနာဗိုင်းရပ်စ်အရေး ပေါ့လျော့မနေဘဲ ကျန်းမာရေးသတိရှိကြရန်နှင့် ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်ထားကြရန်  စေတနာရှေ့ထား တိုက်တွန်းလိုက်ရပါသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013