
ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေရဲ့ တရားမဝင်လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီးက ညွှန်ကြားပြီးတဲ့နောက် သက်ဆိုင်ရာက ပိုပြီးကွင်းဆင်းစစ်ဆေးလာပါတယ်။
ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင်ထဲမှာ ထိုင်းနိုင်ငံသား အမည်ခံ နိုင်ငံခြားသားတွေ ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီပေါင်း ၈၀၀ ကျော် စစ်ဆေးတွေ့ရှိတယ်လို့ ချန်နယ် ၃ ထိုင်းတီဗွီသတင်းက မေ ၁၆ ရက်မှာ ထုတ်လွှင့်ပါတယ်။
နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံထဲမှာ ကုမ္ပဏီထောင်တာ၊ စီးပွားရေးလုပ်တာ၊ မြေကွက် ဝယ်ယူတာတွေ လုပ်ဖို့အတွက် ထိုင်းနိုင်ငံသားတွေရဲ့ အမည်နဲ့ ငှားရမ်းလုပ်ကိုင်တာ၊ ထိုင်းနိုင်ငံသားတွေနဲ့ လက်ထပ်တာတွေရှိတယ်၊ လက်ထပ်ရာမှာလည်း အမှန်တကယ်မဟုတ်ဘဲ ဟန်ဆောင် လက်ထပ်တာတွေ ရှိတယ်လို့ နယ်မြေထဲထိ သတင်းလိုက်ယူနေတဲ့ ချန်နယ် ၃ သတင်းထောက်က ပြောပါတယ်။
တာဝန်ရှိသူတွေ စစ်ဆေးတွေ့ရှိချက်အရ ဖူးကက်က ဥပဒေရေးရာကုမ္ပဏီနဲ့ စာရင်းအင်းဆိုင်ရာ ကုမ္ပဏီကနေ ကုမ္ပဏီပေါင်း ၈၀၀ ကျော်ကို မှတ်ပုံတင်ထားပေးတယ်၊ မှတ်ပုံတင်စဉ် သူတို့နဲ့ နီးစပ်တဲ့ ထိုင်းနိုင်ငံသား အိမ်အကူ၊ ခြံစောင့်၊ ယာဉ်မောင်း၊ ခြံအလုပ်သမားတွေရဲ့ နာမည်အမျိုးမျိုးနဲ့ ရှယ်ယာတွေ ထည့်ထားပြီး ကုမ္ပဏီထောင်လိုသူ နိုင်ငံခြားသားတွေကို ပြန်ရောင်းချပေးတာတွေ လုပ်တယ်။ နိုင်ငံခြားသားတွေကလည်း ထိုင်းနိုင်ငံမှာ နှစ်ပေါင်းကြာကြာနေထိုင်ဖို့ Working Permit ရဖို့ ကုမ္ပဏီရှယ်ယာဝင်ကြတယ်။ အဆိုပါကုမ္ပဏီတွေမှာ ထိုင်းနိုင်ငံသားက ရှယ်ယာ ၅၁ ရာခိုင်နှုန်း ထည့်ဝင်ပြီး နိုင်ငံခြားသားက ၄၉ ရာခိုင်နှုန်း ထည့်ဝင်တယ်။
နန်းဆောင် သရီထိပ် တာဝန်ခံသော ကုမ္ပဏီမှာ နိုင်ငံခြားသားတွေပါတဲ့ ကုမ္ပဏီ ၂၃၁ ခုရှိပြီး နိုင်ငံခြားသူ အမျိုးသမီးတယောက်မှာ အိပ်ခန်းပေါင်း ၁၉၆ ခန်းပါ ကွန်ဒိုတိုက်ခန်းကြီးနဲ့ ဖူးဝိလ ခေါ် ဇိမ်ခံအိမ်ပေါင်း ၄၃ နေရာ ပိုင်ဆိုင်တာကို တွေ့ရှိတယ်လို့ ဆိုပါတယ်။
အဓိကချုပ်ကိုင်တဲ့ ကုမ္ပဏီဟာ အမည်အမျိုးမျိုးနဲ့ ကုမ္ပဏီမှတ်ပုံတင်ပြီး အွန်လိုင်းကနေ ပြန်လည်ရောင်းချတယ်၊ ကုမ္ပဏီလုပ်ငန်းမှာ ငွေကြေးပမာဏများစွာ လွှဲနိုင်တာကြောင့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေအတွက် ငွေကြေးခဝါချရာ နေရာတခုပါ ဖြစ်လာခဲ့တယ်။
ဖူးကက်က တရားမဝင် ကုမ္ပဏီလုပ်ငန်းနဲ့ ပတ်သက်လို့ လူပေါင်း ၂၃၁ ဦးကို အမှုဖွင့်ထားပြီး အချို့မှာ ထွက်ပြေးလွတ်မြောက်နေတယ်၊ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေပါ ပါဝင်ပတ်သက်နေတာ တွေ့ရှိတယ်။ ဒီလို အမှန်တကယ်လုပ်ငန်းမရှိသော Ghost Company တွေကို အရေးယူဖို့ရာ စီးပွားရေးနဲ့ကုန်သွယ်ရေးဝန်ကြီးဌာနက အဓိကကျတယ်လို့ တာဝန်ရှိသူက ပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။
အလားတူ ထိုင်းတောင်ပိုင်း ကော်ဖငန်းကျွန်းမြို့နယ်ထဲမှာလည်း ထိုင်းနိုင်ငံသားအမည်ခံ ကုမ္ပဏီထောင်၊ စီးပွားရေးလုပ်နေတာတွေ တွေ့ရှိတာကြောင့် ထိုင်းဝန်ကြီးချုပ် အနုထင်းကိုယ်တိုင် ပြီးခဲ့တဲ့ မေ ၁၅ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ ဥပဒေနဲ့ မညီတဲ့ အမည်ခံကုမ္ပဏီပေါင်း ၈၀ မှ ၉၀ ခန့် တွေ့ရှိပြီး ဘတ်သန်းပေါင်း ၁၅၀ တန်ဖိုးရှိ ထိုင်းအမည်ခံ နိုင်ငံခြားသားပိုင်မြေကွက် ၃၇ ကွက်ကို တွေ့ရှိတယ်။ ကနဦးအနေနဲ့ ၂ ယောက် ဖမ်းဆီးခံရပြီး ၃ ယောက် ဖမ်းဝရမ်းထုတ်ခံထားရတယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။
Source: CH3 TV News / The Nation Weekend











