
ထိုင်းနိုင်ငံအတွင်း တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ တရားမဝင်လုပ်ငန်းတွေကို နှိမ်နင်းရာမှာ ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို တရုတ်နိုင်ငံက ကူညီပံ့ပိုးပေးနေပြီး ဒါပေမဲ့ ဒီကိစ္စကို ပုံကြီးချဲ့ ပြောဆိုတာဟာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျန်ဝေက သတိပေးလိုက်တဲ့အကြောင်း Thai PBS သတင်းမှာ ဇူလိုင် ၂၈ ရက်က ဖော်ပြပါတယ်။
သတင်းထောက်တွေကို ပြောကြားရာမှာ သံအမတ်ကြီးကျန်းကျန်ဝေက ထိုင်းနိုင်ငံမှာ လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီတွေ အားလုံးအနေနဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို တင်းကျပ်စွာ လိုက်နာကြဖို့နဲ့ အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်လို့ ဒေသတွင်း လူ့အဖွဲ့အစည်းတွေကို ငဲ့ကွက်ကြဖို့ တိုက်တွန်းထားတဲ့အကြောင်း ပြောပါတယ်။
ဒါပေမဲ့ အဲဒီကိစ္စကို သတိမထားဘဲ စီးနင်းဆောင်ရွက်တာတွေဟာ ထိုင်းနိုင်ငံမှာရှိတဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ တရုတ်သံအမတ်က သတိပေးလိုက်တာပါ။
“တရားမဝင် လုပ်ကိုင်နေတဲ့ လုပ်ငန်းတချို့ရဲ့ ဖြစ်စဉ်တွေကို ကျနော်တို့ ပုံကြီးမချဲ့ သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ ထိုင်းနိုင်ငံမှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို ထိုင်းလူ့အဖွဲ့အစည်းက သူတို့ကို မနှစ်သက်ဘူးလို့ ခံစားရစေပြီး သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေနိုင်လို့ပါ။ တရုတ်စီးပွားရေးလုပ်ငန်းတွေ ဥပဒေချိုးဖောက်တဲ့ ဖြစ်စဉ်ဆိုတာ သီးခြားဖြစ်စဉ် တခုပဲဖြစ်ပြီး ဒါဟာ ထိုင်းနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အခြေအနေတခုလုံးကို ကိုယ်စားမပြုပါဘူး။”
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနရဲ့ အဆိုအရ တရုတ်နိုင်ငံဟာ အခုနှစ် ပထမ ၆ လအတွင်း ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဘတ် ၃၅ ဘီလီယံနီးပါးနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး စာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။
ဒါပေမဲ့ ထိုင်းတာဝန်ရှိသူတွေရဲ့ နှိမ်နင်းမှုတွေအတွင်း ထိုင်းနိုင်ငံမှာ တရားမဝင် လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းအများအပြားဟာ တရုတ်နိုင်ငံသားတွေနဲ့ ဆက်စပ်နေတာကို အခုနောက်ပိုင်းမှာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
နိုင်ငံထဲက တရားမဝင် နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေကို ဖြေရှင်းရေးဟာ ထိုင်းဝန်ကြီးချုပ် အနုထင်းရဲ့ ပထမဆုံး တရုတ်နိုင်ငံ တရားဝင်ခရီးစဉ်အတွင်း ဆွေးနွေးတဲ့ အစီအစဉ်တွေမှာ ပါဝင်ခဲ့ပြီး ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း အဲဒီကိစ္စကို ဆွေးနွေးခဲ့တာပါ။
လက်ရှိမှာတော့ နှစ်ဖက်စလုံးဟာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ကာကွယ်ဖို့ ဘဏ္ဍာရေးဆိုင်ရာ ငွေလွှဲပြောင်းမှု အချက်အလက်တွေ ဖလှယ်ရေးကို အဓိကထားတဲ့ နားလည်မှု စာချွန်လွှာ (MoU) တရပ်ကို လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့ကြတဲ့အပြင် အဆိုပါ ခရီးစဉ်အတွင်း တခြား နားလည်မှုစာချွန်လွှာ ၁၄ ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြ ပါတယ်။
Source: Thai PBS










