DVB Logo
Home
နိုင်ငံတကာ
ထိုင်းအမည်ခံ ဘတ်သန်းပေါင်း ၂,၀၀၀ ကျော် တန်ဖိုးရှိ ခြံမြေ သိမ်းဆည်း
DVB
·
July 27, 2026
Photo: Thairath News
Photo: Thairath News
Donate to DVB

ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားအမည်ခံနဲ့  စီးပွားရေးလုပ်တာ၊  အိမ်ခြံမြေတွေ ဝယ်ယူတာတွေကို ဆက်တိုက် ဖမ်းဆီးနှိမ်နင်းနေတာမှာ ဇူလိုင် ၂၄ ရက်ကလည်း ထိုင်းတောင်ပိုင်း ကရပီခရိုင်ထဲက ဗြိတိန်နိုင်ငံသားတယောက် ပိုင်ဆိုင်တဲ့ ဘတ်သန်းပေါင်း ၂,၀၀၀ ကျော် တန်ဖိုးရှိ ခြံမြေတွေကို သက်ဆိုင်ရာက စစ်ဆေးပြီး သိမ်းဆည်းလိုက်တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်းဖွန်းဖီး ဆုဝမ်းချဝီနဲ့ တာဝန်ရှိသူတွေဟာ ဇူလိုင် ၂၄ ရက်က ကရပီခရိုင်  ကော်လန်းဒါးကျွန်းစုမြို့နယ်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကော်လန်းဒါးယိုင်အုပ်စုထဲမှာ လျှပ်စစ်မီးနဲ့ သုံးရေ အခက်အခဲရှိတာကြောင့်  သက်ဆိုင်ရာနဲ့ တွေ့ဆုံပြီး ပြေလည်အောင် ဖြေရှင်းပေးခဲ့တယ်။ 

တဆက်တည်းမှာ ကော်လန်းဒါးကျွန်းစု၊ ကော်ပေါကျွန်းမှာ ထိုင်းအမည်ခံ နိုင်ငံခြားကုမ္ပဏီ မြေယာဝယ်ယူမှုပြဿနာပါ စစ်ဆေးခဲ့ပါတယ်။

အဆိုပါ ကော်ပေါကျွန်းမှာ ဗြိတိန်နိုင်ငံသား အာလန်က ထိုင်းနိုင်ငံသား အမည်ခံပြီး  မြေဧရိယာ အကျယ်အဝန်း ရိုင် ၇၀ (ဧက ၃၀ ကျော်) ကို ဝယ်ယူခဲ့တယ်၊ အဲဒီမြေတွေကို အကွက်ပေါင်း ၂၂ ကွက် ပြန်ဖော်ပြီး တကွက် (၁ ရိုင်) လျှင် ဘတ် ၁၇ သန်းနဲ့ ဝက်ဘ်ဆိုက်၊ အင်တာနက်ပေါ်ကနေ ကြော်ငြာကာ ပြန်လည်ရောင်းချခဲ့ပါတယ်၊ စုစုပေါင်းတန်ဖိုး ဘတ်သန်းပေါင်း ၂,၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မစ္စတာအာလန်ဟာ အိမ်ခြံမြေရောင်းဝယ်ရေးနဲ့ ဥပ‌ဒေရေးရာအကြံပေးကုမ္ပဏီ ၃ ခု တည်ထောင်ထားပြီး အစပိုင်းမှာ ထိုင်းနိုင်ငံသားတွေကို အစုရှယ်ယာထဲမှာ အများဆုံးထည့်ထားပေမဲ့ အခြေခိုင်လာတော့ နောက်ပိုင်းမှာ ထိုင်းနိုင်ငံသားတွေကို တဖြည်းဖြည်း ပြန်ဖြုတ်ချခဲ့ပါတယ်။

နောက်ဆုံးတော့ ပိုင်ဆိုင်မှုတွေအားလုံးဟာ သူ့လက်ထဲ ရောက်နေတာကို စစ်ဆေးတွေ့ရှိတာကြောင့် သက်ဆိုင်ရာက သူ့ရဲ့ အမည်ခံပိုင်ဆိုင်မှုတွေ သိမ်းဆည်းပြီး ထိုင်းနိုင်ငံမြေယာစီမံခန့်ခွဲရေးဥပဒေ၊ နိုင်ငံခြားသားများစီးပွားရေးဆိုင်ရာဥပ‌ဒေ၊ နိုင်ငံခြားအလုပ်သမားများ စီမံခန့်ခွဲရေးဆိုင်ရာ ဥပ‌ဒေတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကွန်ရက်နဲ့ ဆက်စပ်နေတဲ့ ခရိုင်ထဲက တရားမဝင်မြေယာပိုင်ဆိုင်မှု၊ အမည်ခံ ကုမ္ပဏီတွေကို ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့ ဒုပြည်ထဲရေးဝန်ကြီးက ခရိုင်ဝန်နဲ့တကွ ဌာနဆိုင်ရာအဖွဲ့အစည်းတွေကို ညွှန်ကြားထားပါတယ်။

ဒီမတိုင်ခင် ဇူလိုင် ၂၂ ရက်ကလည်း ဘန်ကောက်မှာ ထိုင်းအမည်ခံ တရုတ်နိုင်ငံသားပိုင် ဘတ်သန်းပေါင်း  ၁,၂၀၀ ကျော်တန်ဖိုးရှိ  အိမ်ခြံမြေတွေကို သက်ဆိုင်ရာက  စစ်ဆေးသိမ်းဆည်းခဲ့ပါသေးတယ်။

ဘန်ကောက် ဖတ်ထနားကန်နဲ့ ကရုန်းထိပ်ကရီထာလမ်းထဲရှိ အိမ်ရာတွေမှာ တရုတ်နိုင်ငံသားတွေ အမြောက်အမြား ဝင်ရောက်နေထိုင်ပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပြုကြောင်း ဒေသခံတွေရဲ့ တိုင်ကြားချက်ရတာကြောင့် တာဝန်ရှိသူတွေက အဆိုပါနေရာကို ပစ်မှတ်ထားပြီး ကနဦး စုံစမ်းထောက်လှမ်းမှုတွေ ပြုခဲ့ပါတယ်။

အဲဒီအိမ်ခြံမြေကုမ္ပဏီဟာ တရားဥပ‌ဒေနဲ့ မညီညွတ်တာကို သိရှိတဲ့နောက် ဇူလိုင် ၂၂ ရက် ညနေပိုင်းမှာ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့  CIB ၊ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အဆိုပါနေရာကို သွားရောက်စစ်ဆေးအရေးယူခဲ့ပါတယ်။

စစ်ဆေးချက်အရ ကုမ္ပဏီဒါရိုက်တာနဲ့ အစုရှယ်ယာပိုင်ရှင်ဟာ နန်းဆောင်ပီယနွတ်နဲ့ မိခင်ဖြစ်သူ နန်းဆာခွန်းတို့ ဖြစ်ပေမဲ့ သူတို့ဟာ အမည်ခံသာဖြစ်ပြီး အမှန်တကယ် ပိုင်ဆိုင်သူမှာ တရုတ်နိုင်ငံသား ဟောင်တိန့် ဖြစ်တယ်လို့ ဗဟိုစုံစမ်းစစ်ဆေး‌ရေးဌာန ဒုရဲချုပ် နာ့ဿ်ဆဒ် ချဝနားဆိုင်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

မစ္စတာဟောင်တိန့်မှာ ဘတ်သန်းပေါင်း ၁,၂၇၅ သန်းကျော် တန်ဖိုးရှိ ဇိမ်ခံအိမ် ၃၃ လုံးကို ပိုင်ဆိုင်ဖို့အတွက် ကုမ္ပဏီ စုစုပေါင်း ၃၃ ခု ထူထောင်ထားတယ်၊  ရင်းနှီးမြှုပ်နှံငွေအားလုံးဟာ  သူ့ရဲ့ ငွေကြေးတွေဖြစ်တယ်၊ အဆိုပါအိမ်ရာမှာ တရုတ်နိုင်ငံသားတွေကို ပြန်လည်ငှားရမ်း ရောင်းချတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေဟာ အဲဒီကနေ အဓိကသက်သေခံပစ္စည်းတွေဖြစ်တဲ့ မြေဂရမ် ၃ စောင်၊ အရောင်းအဝယ်စာချုပ်နဲ့  ပိုင်ဆိုင်မှု စာရွက်စာတမ်း ၃၀ တွဲ၊ နိုင်ငံပေါင်းစုံက  နိုင်ငံကူးလက်မှတ်  ၁၅ အုပ်၊ အီလက်ထရောနစ် ပစ္စည်း ၁၃ မျိုး၊ ဘတ် ၁ ဒသမ ၄ သန်းခန့် တန်ဖိုးရှိ ထိုင်းနဲ့  နိုင်ငံခြား ငွေစက္ကူနဲ့ ပစ္စည်းတွေ၊ ကုမ္ပဏီစာရွက်စာတမ်းနဲ့  ဘဏ္ဍာရေးရှင်းတမ်း ၂၄ တွဲ၊  ကုမ္ပဏီ တံဆိပ်တုံး ၆ ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက မစ္စတာ ဟောင်တိန့်ကို  နိုင်ငံခြားစီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေ၊ အမည်ခံ (နိုမီနီ) အသုံးပြုမှုနဲ့ မြေယာဥပဒေချိုးဖောက်မှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး ဒီအမှုနဲ့ ဆက်စပ်နေသူ အားလုံးကိုလည်း ဖမ်းဝရမ်းထုတ်ပေးဖို့ တရားရုံးမှာ လျှောက်ထားတယ်။ ပါဝင်ပတ်သက်သူ နိုင်ငံခြားသားတွေလည်း ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ ဒုရဲချုပ် နာ့ဿ်ဆဒ် ချဝနားဆိုင်က ပြောပါတယ်။ 

Source: MCOT News / Thairath News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013