DVB Logo
Home
မြန်မာသတင်း
သတင်းလွတ်လပ်ခွင့် အနုတ်ပြနေပေမဲ့ ရုန်းကန်နေဆဲ မြန်မာ့သတင်းစာလောက
ဝေဝေ
·
April 2, 2026
Photo: DVB
Photo: DVB
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာ့သတင်းမီဒီယာလောကဟာ သတင်းသမားတွေရဲ့ အသက်အန္တရာယ်အထိ ခြိမ်းခြောက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီ သတင်းလွတ်လပ်ခွင့်တွေဟာလည်း ဆိုးဝါးစွာ ထိခိုက်ခဲ့ရပါတယ်။

၂၀၂၆ ဧပြီလမှာဆိုရင် မြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာတွေကို ထုတ်ဝေခွင့်ပြုခဲ့တာ ၁၃ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်၊ ဒီကာလတွေမှာ မြန်မာ့သတင်းစာလောကဟာ ဘယ်လိုရှိနေခဲ့ပါသလဲ။

အရပ်သားအစိုးရအသွင် ပထမဆုံး ပြောင်းလဲခဲ့တဲ့ ၂၀၁၃ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ သတင်းမီဒီယာတိုက်တွေကို ပထမဆုံးအကြိမ် ပုဂ္ဂလိကနေ့စဉ် သတင်းစာတွေ ထုတ်ဝေခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ စစ်အာဏာရှင်တွေနှောင်းပိုင်း နှစ် ၅၀ အတွင်း  နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေနောက်မှာ ပေါ်ပေါက်လာတဲ့ သတင်းမီဒီယာ သမိုင်းမှတ်တိုင်တခုဖြစ်တဲ့အလျှောက် သတင်းလွတ်လပ်ခွင့်တွေကလည်း ပိုအားကောင်းတဲ့ အလားအလာဘက်ကို သွားနေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ထဲ ခွင့်ပြုခဲ့တဲ့ ပုဂ္ဂလိကနေ့စဉ် သတင်းစာ ၁၆ စောင်ရှိခဲ့ရာကနေ ၁၃ နှစ်ကြာလာချိန် စစ်အာဏာသိမ်းထားတဲ့ ကာလမှာတော့ ပုဂ္ဂလိကနေ့စဉ် သတင်းစာ ၂ စောင်သာ ဆက်လက်ထုတ်ဝေနေပါတယ်၊

ဝါရင့်သတင်းစာဆရာ ဦးမြင့်ကျော်က “၂၀၁၃ ခုနှစ်တုန်းက သတင်းစာထုတ်ခွင့်ရတဲ့ အဖွဲ့အစည်းတွေ လုပ်ခွင့်ရတယ်။ ဒါပေမဲ့ အပြည့်အဝတော့ မဟုတ်ဘူးလေ။ အာမခံချက်တခု တည်ဆောက်နေဆဲ ကာလ ဖြစ်တယ်။ ဆိုပါစို့ အဲဒါကို အပေါင်း ၃ လောက်လို့ ပြောရင်၊ အခုအခြေအနေက အနုတ်ဘက်ကို ၃၊ ၄ လောက် ရောက်နေပြီလို့ ပြောရမှာပေါ့နော်။ မီဒီယာလွတ်လပ်ခွင့်မရှိတာ၊ မီဒီယာဖွံ့ဖြိုးမှုမှာ ဆယ်စုနှစ်တွေနဲ့ချီပြီးတော့ တခါ နောက်ပြန်ဆုတ်သွားတယ်။ အင်စတီကျူးရှင်း အဖွဲ့အစည်းတွေ၊ ဥပဒေတွေ၊  ဥပဒေဆိုတာ ဥပဒေဆိုင်ရာ အာမခံချက်တွေ အဲဒါတွေ ပြန်တည်ဆောက်ဖို့ ပိုပြီးနှောင့်နှေး ဝေးကွာသွားတဲ့ အခြေအနေမျိုး ဖြစ်မယ်လို့ ထင်တယ်။ ဒီအခြေအနေမျိုးနဲ့ကတော့ မီဒီယာလောကအတွက်ရော၊ သတင်းဖတ်တဲ့ လူထုပရိသတ်အတွက်ရော မကောင်းဘူးလို့ ပြောရမှာပေါ့နော်”လို့ ပြောပါတယ်။

၁၀ စုနှစ်တခုကို ကျော်လွန်လာချိန်မှာတော့ မြန်မာ့သတင်းမီဒီယာလောကက တိုးတက်ပြောင်းလဲမှုတွေနဲ့အတူ ဒီဂျစ်တယ်နဲ့ အွန်လိုင်းသတင်းတွေဆီ ရွှေ့ပြောင်းလာခဲ့ကြပါတယ်။

လက်ရှိ ပြည်ပရောက် မီဒီယာတွေအနေနဲ့က သတင်းရယူ တင်ဆက်ရာမှာ အခက်အခဲတွေ ရှိနေတာကြောင့် သတင်းဖတ်ရှုသူ ပရိသတ်တွေအတွက် သတင်းဖတ်ရှုရာမှာ အကန့်အသတ် ရှိနေပါတယ်။ ဒီအခြေအနေတွေက ဆက်လက်ရင်ဆိုင်နေရဦးမဲ့ ပြည်ပရောက် မြန်မာ့မီဒီယာတွေရဲ့ စိန်ခေါ်မှုတွေ ဖြစ်နေမှာပါ။

မဇ္ဈိမ မီဒီယာ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက “သတင်းစာဈေးကွက်ရှိဖို့အတွက်က နိုင်ငံရေး လွတ်လပ်မှုရှိရမယ်။ အဲဒီနိုင်ငံရေးလွတ်လပ်မှု မရှိဘဲနဲ့ သတင်းစာဈေးကွက်လည်း မရှိဘူး။ အဲဒီအခါကျတော့ ဖျော်ဖြေရေးတွေ လုပ်လို့ရမယ်၊ နောက်ပြီးတော့ အနုပညာရှင်လိုဟာပေါ့ ဆဲတာ ဆိုတာ ဒါမျိုးတွေပဲ လုပ်ပြီးတော့ ကိုယ့်ဘာသာကိုယ် ငွေရှာရပ်တည်၊ သတင်းစာပညာ Journalism နဲ့ကတော့ ဆန့်ကျင်ဘက်တွေပဲ ဖြစ်နေမှာပေါ့။ မြန်မာပြည်မှာ မီဒီယာ သတင်းစာတွေ ပြန်ပြီးထုတ်ဝေခွင့် ရှိမယ်၊ လွတ်လပ်ခွင့်ရှိမယ်၊ အခု အဲဒီအခြေအနေ မဟုတ်ဘူး။ အဲဒါတော့ ကျနော် သေချာပြောရဲတယ်။ အနိမ့်ဆုံး ၂၀၂၆၊ ၂၀၂၇ အဲဒါ သေချာပြောရဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုမျိုးဖြစ်ဖို့အတွက်က နိုင်ငံရေးစနစ်ကြီးကို ပြောင်းမှရမယ်၊ ပြင်မှရမယ်။ ပညာရပ်ဆိုင်ရာ standard တွေပေါ့ဗျာ၊ စံနှုန်းစံညွှန်း အကောင်းဆုံးဖြစ်မယ်၊ နောက်ပြီးတော့ ကျင့်ဝတ်တွေ အကောင်းဆုံး ဖြစ်အောင် လုပ်ဖို့ပါပဲဗျာ” လို့ ပြောပါတယ်။

စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်တာ ကာလမှာ သတင်းစာတိုက် ၂၀ ကျော် ပိတ်သိမ်းခံခဲ့ရသလို ဂျာနယ်၊ မဂ္ဂဇင်းနဲ့  တခြားသော ပုံနှိပ်လုပ်ငန်းတွေ ရာနဲ့ချီ ပိတ်သိမ်းခံရကာ ပြည်သူတွေကလည်း လွတ်လပ်စွာ သတင်းရယူဖတ်ရှုပိုင်ခွင့်တွေ ဆုံရှုံးခဲ့ရပါတယ်။

တဖက်မှာတော့ လူထုရဲ့ သတင်းသိမြင်ခွင့်တွေအတွက် ဆက်လက်တိုက်ပွဲနေဝင်ဆဲ သတင်းမီဒီယာ သမားတွေ အများအပြားလည်းရှိနေဆဲ ဖြစ်ပါတယ်။

ဝါရင့်သတင်းသမားတယောက်က “ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက်ပိုင်းမှာ ဒီစာပေစိစစ်ရေးတွေကို ဖျက်သိမ်းလိုက်ပြီးတော့ပေါ့နော်၊ မြန်မာ့သတင်းလောကဟာလည်း တော်တော်ခြားနားလာတယ်။ အတန်အသင့် တိုးတက်လာတယ်။ NLD အစိုးရ လက်ထက် ရောက်တဲ့အချိန်မှာ သတင်းလွတ်လပ်ခွင့်ဟာ မြန်မာပြည်အတွက် အမြင့်ဆုံးလွတ်လပ်ခွင့်ကာလကို ရောက်ခဲ့တယ်လို့ ပြောရမှာပေါ့။ အစိုးရဘက်ကလည်း သတင်းမီဒီယာကို မဏ္ဍိုင် ၄ ရပ်ထဲမှာ ထည့်သွင်းပေးတဲ့အထိ ဖြစ်လာတာပေါ့။ မင်းအောင်လှိုင် အာဏာစပြီးသိမ်းတော့ သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်လို့ ဒီသတင်းသမားတွေ ထွက်ပြေး တိမ်းရှောင်မှုတွေ များလာတာကြောင့် ဒီမြန်မာ့သတင်းလောကရဲ့ လွတ်လပ်ခွင့်ဟာ သုညအထိကို ပြန်ပြီးကျဆင်းလာတာပေါ့။ ကျနော်ဆိုရင်လည်း ပြည်ပကို တိမ်းရှောင်လာရတယ်၊ သတင်းအလုပ်ကို ဆက်လုပ်နေတယ်။ အခြေအနေ အမျိုးမျိုးကြောင့် သတင်းဌာန ရပ်နားသွားတယ်၊ ဒါပေမဲ့ လည်း ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်အတွက် ဆက်ပြီး သတင်းရေးနေတယ်။ သတင်းလွတ်လပ်ခွင့်တွေ ဆုံးရှုံးပေမဲ့ ဒီပြည်သူတွေ သိပိုင်ခွင့်မဆုံးရှုံးဖို့ ကျနော်ဆက်ပြီး ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း ၅ နှစ်တာမှာ သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး သတင်းသမားအများဆုံး ၆၀ ဝန်းကျင်ထိ ထိန်းသိမ်းခံခဲ့ရပါတယ်၊ 

၂၀၂၆ ခုနှစ် ဇန်နဝါရီလထိ  သတင်းသမား ၂၇ ယောက် ထောင်ဒဏ် ၃ နှစ်ကနေ တသက်တကျွန်းထိ ပြစ်ဒဏ်ချမှတ်ခံထားရပြီး စစ်ကောင်စီကြောင့် သေဆုံးခဲ့ရတဲ့ သတင်းသမား ၇ ယောက်ရှိခဲ့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013