
မန်စီးတီးနဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း ဆာမီယာ နာဆရီဟာ ငွေကြေးခဝါချမှု သံသယနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
လေပါရီစီယန် သတင်းတွေအရ နာဆရီဟာ ပြင်သစ်နိုင်ငံမြို့တော်၊ ပါရီ ရဲစခန်းမှာ ၁၀ နာရီကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး စွဲချက်တင်တာ မရှိဘဲ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက မာဆေးလ်မှာ ပထမဆုံးအကြိမ် မေးမြန်းခံခဲ့ရပြီးနောက် ဒုတိယ အကြိမ် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင်ဟောင်း နာဆရီကို စုံစမ်းစစ်ဆေးတာဟာ မာဆေးလ်က ထောင်ကျနေတဲ့ မူးယစ်ဆေးဝါးကုန်ကူးသူ ကာရင်မ်ဘာရီဘူနဲ့ ဆက်စပ်နေတဲ့ စနစ်တကျရာဇဝတ်မှု စုံစမ်းစစ်ဆေးမှု ရဲ့ အစိတ်အပိုင်းတခုလည်းဖြစ်ပါတယ်။
နာဆရီဟာ မန်စီးတီးမှာ ကစားနေတုန်း Ivry-sur-Seine က XS နိုက်ကလပ်မှာ ယူရို သိန်းပေါင်း များစွာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ပူးတွဲပိုင်ရှင် ဖြစ်လာခဲ့ပါတယ်။ စစ်ဆေးမေးမြန်းမှုအတွင်း သူက ရှယ်ယာ အားလုံးကို ဘာရီဘူကို ရောင်းချခဲ့တယ်လို့ ပြောခဲ့ပေမဲ့ ဒါက နှုတ်ကတိ သဘောတူညီမှုသာ ဖြစ်ခဲ့ ပါတယ်။
Photo: Reuters










