DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် စပါးအထွက်နှုန်းကျဆင်းသဖြင့် တောင်သူများ အခက်ကြုံ
DVB
·
January 18, 2020
ဝမ်းတွင်းမြို့နယ်တွင် စပါးအထွက်နှုန်းကျဆင်းသဖြင့် တောင်သူများ အခက်ကြုံ
1 / 2
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ အောင်ချမ်းသာရွာ(ခံဘဲ့ရွာ) က စပါးစိုက်ခင်းတွေမှာ ဆပ်ပြာပေါက်ပြီး စပါးအထွက်နှုန်း ကျဆင်းတာကြောင့် အခက်အခဲကြုံနေရတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်‌။

အောင်ချမ်းသာရွာ တောင်သူဦးမြင့်နိုင်က “စပါးစိုက်ခင်းတွေကို တောင်ပုလုဆည်ရေနဲ့ စိုက်ပျိုးတယ်။ သပြေရိုးဆည်ကြီး တည်ဆောက်ပြီး တောင်ပုလုဆည်ထဲကို ရေဖြည့်ပေးတယ်။ အဲဒီရေကိုသုံးပြီး စပါးစိုက်မှ လယ်မြေတွေမှာ ဆပ်ပြာပေါက်လာတယ်။ လယ်ကွင်းထဲမှာ ဆပ်ပြာရေတွေ ဖွေးနေတာပဲ။ ဆပ်ပြာရေဆိုတော့ စပါးနှံကို အပင်က မထိန်းနိုင်တော့ဘဲ ပြတ်ကျကုန်တယ်။ စပါးအထွက်နှူန်းတွေ ကျတယ်။ စိုက်ဘဏ်ချေးငွေ ဆပ်ဖို့တောင် ခက်ကုန်တယ်” လို့ DVB ကို ပြောပါတယ်။

ဆည်မြောင်းဦးစီဌာန ဒုဦးစီး ဦးကျော်စွာထွန်းက “ဆည်ရေကြောင့် ဆပ်ပြာပေါက်တာ မဟုတ်ပါဘူး။ တောင်သူတွေက ဆပ်ပြာပေါက်တယ် ပြောလာလို့ သပြေရိုးဆည်ရေနဲ့ တောင်ပုလုဆည်ရေ နှစ်ခုလုံးကို မန္တလေး ဓာတ်ခွဲခန်း၊ ရန်ကုန် ဓာတ်ခွဲခန်းတွေ ပို့ပြီး ဓာတ်ခွဲထားပါတယ်။ ရေကြောင့် ဆပ်ပြာပေါက်တာ မဟုတ်ပါဘူး။ လယ်မြေတွေရဲ့ မူလဓာတ်ခံမြေကြီးက ဆပ်ပြာပေါက်နေတာပါ။ အဲဒီဆပ်ပြာပေါက်တဲ့ လယ်မြေတွေက ၂၀၁၉ မှစပြီး ဆည်ရေပေးတာပါ။ အရင်က ယာသီးနှံစိုက်ပျိုးပါတယ်။ စိုက်ပျိုးရေးဌာနနဲ့ ပူးပေါင်းပြီး တောင်သူတွေကို ရှင်းပြပေးမှာပါ။ ဒီဆည်ရေကိုပဲ လယ်ဧက ၃၅၀၀ ကျော်လောက် ပေးနေတာပါ။ ကျေးရွာ ၂၀ လောက်က လယ်တွေကို ရေပေးပါတယ်။ အောင်ချမ်းသာရွာက လယ်တွေပဲ ဆပ်ပြာပေါက်တယ်။ ကျန်ရွာတွေမှာ ဆပ်ပြာမပေါက်ပါဘူး။ တောင်ပုလုဆည်ရေက သပြေရိုးဆည်ထဲကို ဖြည့်တာပါ” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်ထဲက တောင်ပုလုဆည်ကြီးဟာ တောင်ပုလုဆရာတော်ဘုရား သီတင်းသုံးရာ တောင်ပုလုရွာနားမှာ တည်ရှိပါတယ်။ သင်ပုန်းချောင်းကို ပိတ်ပြီး ရေလှောင်ကာ လယ်ယာမြေတွေကို ရေပေးနေပါတယ်။ ဆည်ကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၇၀ လောက် ရှိနေပါပြီ။ ဆည်ထဲက နုန်းတွေက ၁၅ ပေ ၁၈ ပေလောက် ဖြစ်နေပါတယ်။

အခု ဆပ်ပြာပေါက်တဲ့ လယ်မြေတွေရေ ရရှိအောင် လက်တံမြောင်းတူးပြီး ၂၀၁၉ ဇူလိုင်လကစပြီး လယ် ၆၉၄ ဧကကို ရေပေးခဲ့တယ်လို့ ဆည်မြောင်းဌာနက ဆိုပါတယ်။

ရေဆင်းဧရိယာ ၁၁၂ စတုရန်းမိုင်ရှိပြီး ဧကပေ ၁ သောင်း ၃ ထောင်ကျော် ရေလှောင်နိုင်ပါတယ်။ သပြေရိုးဆည်ကို တောင်ညိုရွာအနီး ကန်ဆင်းချောင်းကို ပိတ်ကာ ၁၉၉၅ မှာ စတင်တည်ဆောက်ပြီး ၁၉၉၉ မှာ ရေလှောင်နိုင်ခဲ့ပါတယ်။

အောင်ချမ်းသာရွာမှာ ဆပ်ပြာပေါက် လယ်ဧက ၅၀ ကျော်လောက် ရှိနေတယ်လို့ သိရပါတယ်။



မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013