ဘာရိန်းနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ နိုင်ငံကောင်းကင်ယံထဲ ဝင်ရောက်လာတဲ့ အီရန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တား ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဘာရိန်းဘုရင်ရဲ့ မီဒီယာအကြံပေး နာဘီးလ်အယ်လ်ဟာမာက ဇူလိုင် ၁၄ ရက်မှာ X လူမှုကွန်ရက်စာမျက်နှာမှာ ပြောပါတယ်။
ရိုက်တာသတင်းဌာနရဲ့ ဗီဒီယိုမှတ်တမ်းတွေမှာလည်း ကြားဖြတ်ပစ်ချခံလိုက်ရတဲ့ ဒုံးကျည်ကနေ ထွက်ပေါ်လာတယ်လို့ ယူဆရတဲ့ မီးခိုးလုံးကြီးကို ဘဟရိန်းကောင်းကင်ယံမှာ တွေ့မြင်ခဲ့ရပြီး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေလည်း အခင်းဖြစ်ပွားရာနေရာကို အပြေးအလွှား သွားရောက်ခဲ့ကြပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဘက်ကတော့ သူတို့ဟာ ဘာရိန်းနိုင်ငံမှာရှိတဲ့ အယ်လ်ဂျပ်ဖှဲရ် အခြေစိုက်စခန်းရှိ လက်နက်သိုလှောင်ရုံတချို့၊ ဂြိုဟ်တုဆက်သွယ်ရေး စင်တာတခုနဲ့ အမေရိကန်တပ်ဖွဲ့တွေ ရှိနေတဲ့ အဆောက်အအုံတခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
အမေရိကန်စစ်တပ်ဟာ ဇူလိုင် ၁၂ ရက်က တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေနဲ့ ဒရုန်းတွေကို အသုံးပြုပြီး အီရန်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ကမ်းခြေရေဒါစခန်းတွေ၊ ဒုံးကျည်နဲ့ ဒရုန်းတွေ အပြင် လှေငယ်တွေကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ အပြန်အလှန် ဖြစ်ပွားခဲ့ပြီးနောက်မှာအရေးပါတဲ့ ရေလမ်းကြောင်းကို ပိတ်ပစ်လိုက်ပြီလို့ ပြီးခဲ့တဲ့ပိတ်ရက်က အီရန်ရဲ့ ကြေညာချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေဟာ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။
ဒါ့အပြင် စစ်ပွဲရပ်တန့်ဖို့အတွက် ယာယီသဘောတူညီချက် ရရှိနိုင်ခြေအပေါ် သံသယတွေ ပိုတိုးလာစေသလို ရေနံဈေးနှုန်းတွေကိုလည်း မြင့်တက်သွားစေခဲ့ပါတယ်။
အီရန်စစ်ပွဲဟာ ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပြီး၊ အီရန်ဘက်ကလည်း အစ္စရေးနဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေရှိတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ပြန်လည်တိုက်ခိုက်ပြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










