အမေရိကန် သက်တမ်းလယ်ရွေးကောက်ပွဲပြီးရင် အီရန်ကို တိုက်ခိုက်မှုတွေ တိုးလာနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေးတဲ့အကြောင်း အမေရိကန်အခြေစိုက် မီဒီယာတွေက ဖော်ပြပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ထုတ် Time မဂ္ဂဇင်းနဲ့ အင်တာဗျူးတခုမှာ ထရမ့်ပ်က သက်တမ်းလယ် ရွေးကောက်ပွဲနောက်ပိုင်း အီရန်ကို ဗုံးကြဲမှု တိုးမြှင့်နိုင်ချေရှိတယ်ဆိုတာ ဖြစ်နိုင်ပါတယ်လို့ ပြောခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ ပတ်သက်တဲ့ အီရန်ရဲ့ အစီရင်ခံစာကိုလည်း ပယ်ချခဲ့တဲ့အကြောင်း ထရမ့်ပ်က ပြောပါတယ်။
အီရန်နဲ့ သဘောတူညီမှု မရဘူးဆိုရင် စစ်ရေးတိုက်ခိုက်မှုတွေလုပ်မှာ သေချာကြောင်းနဲ့ အီရန်အရေးကို ဆုံးဖြတ်ချက်ချဖို့ နီးကပ်လာပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်ဟာ အောက်တိုဘာ ၁ ရက်က တက္ကဆက်နဲ့ အော့ကလာဟိုးမားကို ခရီးထွက်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
ထရမ့်ပ် ဆန့်ကျင်သူတွေကတော့ ထရမ့်ပ် အောင်ပွဲခံမုခ်ဦး တည်ဆောက်မှုကို ဆန့်ကျင်တာတွေ အောက်တိုဘာ ၁ ရက်က ပြုလုပ်ခဲ့ကြပါတယ်။
အောင်ပွဲခံမုခ်ဦး တည်ဆောက်မှုဟာ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ် ဖြစ်တယ်လို့ ရှုတ်ချခဲ့ကြပြီး စစ်ပြန်တွေကို မလေးစားရာရောက်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။
ထရမ့်ပ်ဟာ အောင်ပွဲခံမုခ်ဦးကို အာလင်တန် အမျိုးသားသုသာန်အနီးမှာ တည်ဆောက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
မုခ်ဦးကို ပေ ၂၅၀ အမြင့် တည်ဆောက်မှာဖြစ်ပြီး အာလင်တန် အမျိုးသားသုသာန်အနီးမှာ စစ်ဘက်ဆိုင်ရာ စခန်းတွေလည်း တည်ဆောက်မှုပါဝင်မှာ ဖြစ်ပါတယ်။










