DVB Logo
Home
Lead Story
ကားပါမစ်နှင့် အခွင့်ထူးခံခေတ်ဆိုးကြီး ကုန်ဆုံးစေလို (အယ်ဒီတာအာဘော်) 
DVB
·
January 14, 2020
ကားပါမစ်နှင့် အခွင့်ထူးခံခေတ်ဆိုးကြီး ကုန်ဆုံးစေလို (အယ်ဒီတာအာဘော်) 
Donate to DVB

မြန်မာနိုင်ငံ လွတ်လပ်ရေးပြီးကတည်းက ဖ.ဆ.ပ.လ အစိုးရကာလ “လိုင်စင်ခေတ်”။ မ.ဆ.လ အစိုးရလက်ထက် ပါတီကောင်စီဝင် ဗီအိုင်ပီကြီးများအတွက် အထူးအခွင့်အရေးအဖြစ်  ကုန်ပစ္စည်း ဝယ်ယူခွင့်များပေးသည့်ခေတ်။ စစ်အာဏာရှင်ကာလမှ ယခုအချိန်အထိကား “ပါမစ်ခေတ်”။ အခွင့်ထူးခံ ကာလဆိုးကြီးကား ယနေ့အထိ ကုန်ဆုံးမသွားသေး။

မကြာမီက ပြည်သူ့ဝန်ထမ်းနှင့် ဝါရင့်နိုင်ငံ့ဝန်ထမ်းများအား ဇိမ်ခံနိုင်ရန် ကားပါမစ်များ ချထားပေးမည်ဆိုသော အသံတို့ မီဒီယာအနှံ့အပြားတွင် ပေါ်ထွက်လာခဲ့သည်။

ပြည်သူ့ဝန်ထမ်းခြင်းနှင့် နိုင်ငံ့ဝန်ထမ်းခြင်းကို ဘယ်ကဲ့သို့ ခွဲခြား ဆက်ဆံလိုက်မှန်းပင် မသိလိုက်ကြ။ အလုပ်တာဝန် ခွဲဝေလုပ်ကိုင်မှုအရ လုပ်ငန်းဆောင်တာ ကွဲပြားနေကြသော်လည်း အားလုံးက ဝန်ထမ်းနေကြတာချင်း အတူတူပင်။ ထားတော့၊ ဤအကြောင်း မပြောလိုသေး။ ယခု ပြောလိုသည်မှာ ကားပါမစ်ပေးခြင်းကိစ္စ။

သိပ်မကြာသေး။ ဗစ်တိုးရီးယား အမည်ပေးထားသော ကလေးသူငယ် လိင်မဖွယ်မရာ ပြုကျင့်ခံရမှုကို အခြေခံပြီး “တရားမျှတမှု ပေးပါ”ဟု နိုင်ငံလုံးနီးပါး တောင်းဆိုခဲ့ကြသည်။ ‘တရားမျှတမှု’ ဆိုသည်မှာ ဥပဒေတခုတည်းဟု ထင်မှတ်လျှင် မှားပါလိမ့်မည်။

“စစ်မှန်သော တရားမျှတမှု ဆိုသည်မှာ လူ့အဖွဲ့အစည်းတရပ်လုံးအား လွှမ်းခြုံထားသည့် တရားမျှတမှုကို ရည်ညွှန်းထားခြင်း ဖြစ်သည်။ လူ့အဖွဲ့အစည်း၏ ဆုပေးဒဏ်ပေးခြင်းနှင့် ဆိုင်သည်။ တရားမျှတမှုတွင် လုပ်ထုံးလုပ်နည်းဆိုင်ရာ တရားမျှတမှု (ဥပဒေနှင့်သက်ဆိုင်)နှင့် လူမှုရေးဆိုင်ရာ တရားမျှတမှုဟူ၍ ရှိသည်။"

လူ့အဖွဲ့အစည်းဆိုင်ရာ တရားမျှတမှုသည် ပြည်သူများ ရပိုင်ခွင့်ရှိသည့် သို့တည်းမဟုတ် လိုအပ်နေသည့် စားဝတ်နေရေး အခြေခံအခွင့်အရေးများကို တန်းတူရည်တူ ညီညီမျှမျှ ပေးအပ်ခြင်း ဖြစ်သည်ဟု ဥပဒေ တွေးခေါ်မြော်မြင်ရေးတရပ်က ဆိုသည်။

သို့ဆိုလျှင် အစိုးရတရပ်အနေဖြင့် “တရားမျှတမှုကို မည်သို့ ဖော်ဆောင်နေသနည်း။ မည်သို့ ဖွင့်ဆိုသနည်း” ဆိုသော အမေးများ ထွက်ပေါ်လာခဲ့သည်။ တပြိုင်တည်း “ဝန်ထမ်းကောင်း ဟူသည်ကို မည်သည့်စံနှုန်းများဖြင့် ဖွင့်ဆိုကြသနည်း”ဟု အမေးတရပ် ပေါ်ထွက်လာစရာ ရှိနေပြန်သည်။

ပထမအဆင့်အဖြစ် ကားပါမစ်များကို ညွှန်ချုပ်နှင့် အထက်ကို ချပေးမည်ဟု ဆိုသည်။ထိုညွှန်/ချုပ်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဝန်ကြီး၊ ဝန်လေး ပုဂ္ဂိုလ်အများစုသည် လစာနည်း ဝန်ထမ်းတို့လောက် စားဝတ်နေရေး အခက်အခဲ မရှိ။ 

အချို့အရာရှိကြီးများ ဆိုလျှင် မိသားစု ရှိသလောက် ကားအစီးရေ ပိုင်ဆိုင်ကြသည်တို့လည်း တွေ့ဖူးသည်။ ကတော်ကြီး ရှော့ပင်းထွက်ဖို့အတွက်၊ သား ကျောင်းတက်ဖို့၊ သမီး ကျောင်းတက်ဖို့ တယောက် တစီး ရှိကြသည်။ လက်အောက်ခံ တပည့်တပန်းတို့၏ ကျေးဇူးဆပ်မှုဖြင့် ဆီ၊ ဆန်၊ ဆား အရက်‌ကောင်းကောင်းတို့ မီးဖိုချောင်တွင် အပြည့်။ ရေများရာ မိုးရွာပေးရုံမျှဖြင့် တရားမျှတမှုကို မဖော်ဆောင်နိုင်ပါချေ။

အခွင့်ထူးခံစနစ်နှင့် အခွင့်ထူးခံလူတန်းစားတို့ကို ဆန့်ကျင်တော်လှန်ပြီး တက်လာသည့် လက်ရှိအစိုးရအဖွဲ့ဝင်များအနေဖြင့်လည်း အာဏာရလာချိန်တွင် ကိုယ်တိုင်အခွင့်ထူးခံများ ဖြစ်လာပြီလားဟူသော အမေးများလည်း ပြည်သူလူထုအတွင်း ဂယက်တခုအဖြစ် ရိုက်ခတ်နေသည်။

တဖန်ဒုတိယအဆင့်တွင် ဒုညွှန်ချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့် ဝန်ထမ်းကောင်းလက်မှတ် ရရှိသူများဟု ဆိုသည်။ ဝန်ထမ်းကောင်းဟူသော ဖွင့်ဆိုချက်မှာ စိတ္တဇဆန်သော သတ်မှတ်ချက် တခုမျှသာ။ ကောင်းခြင်း၊ ဆိုးခြင်းသည် နှိုင်းရသဘောထက် မပို။ သားရေကြိုးမျှင်ကဲ့သို့ ဆွဲဆန့်၍ရသော စံနှုန်းများပင် ဖြစ်သည်။ ဝန်ထမ်းကောင်းဟု အသိမှတ်ပြုမခံခဲ့ကြသူ အများစုသည် ဝန်ထမ်းဆိုးများ ဖြစ်၍ ပါမစ်မရရှိခြင်းဟူ၍ ယူဆရတော့မလိုလို။ အစိုးရခေတ်အဆက်ဆက် ဝန်ထမ်းကောင်းအဖြစ် အသိအမှတ်ပြုမခံခဲ့ရသည့် ဝန်ထမ်းကောင်းများအတွက် နစ်နာလှပေမည်။

“နိုင်ငံက ဆင်းရဲပါတယ်”ဟု လူကြားကောင်းရုံ အော်ဟစ်ပြီး လစာများအခွင့်ထူးခံတို့အတွက် ကားပါမစ်ထုတ်ပေးသော ဆေးမြီးတိုလောက်ဖြင့် နိုင်ငံဝန်ထမ်းများ အပါအဝင် ပြည်သူလူထု၏ ဆင်းရဲမွဲတေမှုကို ကုစား၍ မရ။ 

လူများစုကြီးဖြစ်သည့် လစာနည်း နိုင်ငံဝန်ထမ်းများ၏ စားဝတ်နေရေးအတွက် မျှတမှုရရှိစေရန်နှင့် အလုပ်မှအနားယူချိန်တွင် နေရေးထိုင်ရေး၊ ကျန်းမာရေးအတွက် လက်တွေ့ကျကျ စီမံခန့်ခွဲနိုင်ခြင်းသာ ပြည်သူလိုလားချက် ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013