
အစ္စရေးအရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ အီရန်နိုင်ငံတွင်းရှိ နေရာတွေကို အစ္စရေးက ပိုပြီးတိုးမြှင့် တိုက်ခိုက်သွားမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကတ်ဇ်က မတ် ၂၇ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အစ္စရေးလ်ကတ်ဇ်က “ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုနဲ့ ကျနော်က အီရန်ဘက်ကို ဒုံးကျည် ပစ်ခတ်မှုတွေကို ရပ်တန့်ဖို့ သတိပေးထားပေမဲ့ ပစ်ခတ်မှုတွေ ဆက်ရှိနေတာကြောင့် အီရန်နိုင်ငံအ တွင်းမှာ အစ္စရေးစစ်တပ် (IDF) ရဲ့ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်သွားမှာ ဖြစ်သလို၊ အစ္စရေး အရပ်သားတွေကို တိုက်ခိုက်ဖို့ လက်နက်တွေ ထုတ်လုပ်ပေးနေတဲ့ ဒါမှမဟုတ် အားပေးကူညီနေတဲ့ တခြားနယ်မြေတွေနဲ့ ပစ်မှတ်တွေကိုပါ ချဲ့ထွင်တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။ သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုအတွက် ပြင်းထန်တဲ့ အကျိုးဆက်တွေကို ခံစားရပါလိမ့်မယ်” လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ကလည်း အီရန်ကို ဟော်မုဇ်ပြန်ဖွင့်ဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို ထပ်တိုးပေးလိုက်ပြီး မလိုက်နာဘူးဆိုရင် စွမ်းအင်စက်ရုံတွေကို ဖျက်ဆီးမယ်လို့ သတိပေးထားပါတယ်။
အီရန်ဘက်ကတော့ အလျှော့ပေးဖို့ ဒါမှမဟုတ် ဆွေးနွေးညှိနှိုင်းဖို့ လက္ခဏာ လုံးဝ မပြသေးပါဘူး။
အီရန်ဘက်က အမေရိကန်ရဲ့ စစ်ပြေငြိမ်းရေးအဆိုပြုချက် ၁၅ ချက်ကို ငြင်းပယ်ထားတဲ့အပြင်၊ အစ္စရေးနဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့ အသွားအလာရှိတဲ့ သင်္ဘောမှန်သမျှကို ဖြတ်သန်းခွင့် ပိတ်ပင်ထားကြောင်း အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ထုတ်ပြန် ထားပါတယ်။
ဒီစစ်ပွဲဟာ အရှေ့အလယ်ပိုင်းတလွှားသို့ ပျံ့နှံ့သွားပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး သမိုင်းမှာ အကြီးမားဆုံးသော စွမ်းအင်အထောက်အပံ့ ပြတ်တောက်မှုကို ဖြစ်ပေါ်ခဲ့ရပါတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်မြေဩဇာဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်ခဲ့ပြီး ငွေကြေးဖောင်းပွမှုတွေ အပေါ် စိုးရိမ်မှုတွေလည်း မြင့်တက်ခဲ့ရပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်နဲ့ သူ့ရဲ့နျူကလီးယား အစီအစဉ်အကြောင်း ဆွေးနွေးနေပြီး သဘောတူညီချက်တွေ မရသေးတဲ့အချိန်မှာပဲ ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို လေကြောင်း တိုက်ခိုက်မှုတွေ စတင်ခဲ့တာပါ။
အဲဒီနောက် အီရန်ရဲ့ မိတ်ဖက်ဖြစ်တဲ့ လက်ဘနွန်ရှိ ဟက်ဇ်ဘိုလာက အစ္စရေးကို တိုက်ခိုက်တာ ကြောင့် အစ္စရေးဘက်က လက်ဘနွန်ကို ပြန်လည်တိုက်ခိုက်မှုကြီး ပြုလုပ်ခဲ့ပြီး လူဦးရေ ၅ ပုံ ၁ ပုံလောက် အိုးအိမ်စွန့်ခွာရတဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။
Source: Reuters











