
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်နဲ့ ဆွေးနွေးဖို့ အစီအစဉ်မရှိဘူးလို့ သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့သလို ဟော်မုဇ်ရေလက်ကြားကို “အမေရိကန်နယ်မြေသစ်” လို့ ဖော်ပြထားတဲ့ မြေပုံတပုံကိုလည်း ပို့စ်တင်ခဲ့ပါတယ်။
ထရမ့်ပ်က “အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနဲ့ ဆွေးနွေးနေတာ မရှိသလို၊ အစီအစဉ်ချထားတာလည်း မရှိဘူး”လို့ ရေးသားခဲ့ပါတယ်။
အမေရိကန်ရေတပ်ရဲ့ ဆိပ်ကမ်းပိတ်ဆို့မှု ဆက်ရှိနေပြီး ဟော်မုဇ်ရေလက်ကြားကတော့ ဖွင့်ထားသလို ရေမြှုပ်မိုင်းတွေကိုလည်း ရှင်းလင်းပြီးပြီလို့ ထရမ့်ပ်က ဆိုပါတယ်။
ဒါပေမဲ့ အီရန်ဘက်ကတော့ ဟော်မုဇ်ရေလက်ကြားကို ဆက်ပိတ်ထားဆဲလို့ ပြောထားပြီး၊ သင်္ဘောသွားလာမှုလည်း အကန့်အသတ်ရှိနေပါတယ်။
ထရမ့်ပ်ရဲ့ သမက်လည်းဖြစ်၊ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ ဂျာရက်ကုရှ်နာကတော့ အမေရိကန်နဲ့ အီရန်ကြား “အလွန်အပြုသဘောဆောင်ပြီး တက်တက်ကြွကြွ ဆွေးနွေးနေတယ်” လို့ ဩဂုတ် ၁၇ ရက်က ပြောထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်မှာ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက် ၆ လနီးပါး ကြာလာတဲ့ စစ်ပွဲကြောင့် အီရန်က အဆိုပါရေလက်ကြားကို ပိတ်ထားခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ပုံမှန်အချိန်မှာ ကမ္ဘာ့ရေနံတင်ပို့မှု ၅ ပုံ ၁ ပုံ ဖြတ်သန်းတဲ့ အဓိက ရေလမ်းကြောင်း ဖြစ်ပါတယ်။
အီရန်ဘက်ကတော့ ဆိပ်ကမ်းပိတ်ဆို့မှု ရပ်တန့်ရေးနဲ့ စစ်လျော်ကြေးပေးရေး အပါအဝင် တောင်းဆိုချက်တွေ မရမချင်း ရေလက်ကြားကို ပြန်ဖွင့်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ကြားဝင်စေ့စပ်ပေးနေတဲ့ ကာတာနိုင်ငံကတော့ အီရန်နဲ့ အိုမန်တို့ကြား သဘောတူညီချက်ရရင် အမေရိကန်-အီရန် ဆွေးနွေးပွဲတွေ ပြန်စနိုင်မယ်လို့ ပြောကြားထားပါတယ်။











