
သမ္မတထရမ့်နဲ့ သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံရာမှာ အာဆီယံဒေသတွင်းမှာ မတည်ငြိမ်မှုဖြစ်စေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးတဲ့ သတင်းဖော်ပြချက်တွေ မရှိခဲ့ပါဘူး။
မေ ၁၃ ရက်ကနေ ၁၅ ရက်အထိ တရုတ်မှာ ထရမ့်ပ်နဲ့ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးမှုမှာ နိုင်ငံတကာ သတင်းဖော်ပြချက်တွေအရ နှစ်နိုင်ငံ အကျိုးစီးပွားရေးရာဆွေးနွေးတဲ့ သတင်းအများစုကိုပဲတွေ့ရပြီး အာဆီယံဒေသတွင်းမှာ မတည်ငြိမ်မှုဖြစ်စေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ထည့်သွင်းဆွေးနွေးတဲ့ သတင်းတွေကိုတော့ မတွေ့ခဲ့ရပါဘူး။
ခေါင်းဆောင်တွေရဲ့ထိပ်တန်းဆွေးနွေးချက်တွေကို အတိအကျ မသိနိုင်တဲ့အတွက် တွေ့ဆုံမှုမှာ မြန်မာပြည်အကြောင်း ထည့်သွင်းပြောဆိုမှု ရှိ၊ မရှိကို အတည်မပြုနိုင်ဘူးလို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
မြန်မာ့အရေးဆောင်ရွက်သူတယောက်ဖြစ်တဲ့ ကိုရင်အေးက “သမ္မတထရမ့်နဲ့ ရှီကျင့်ဖျင်နဲ့ တွေ့တဲ့ပွဲကတော့ လောလောဆယ်မှာ မြန်မာပြည်ထက် ပိုအရေးကြီးတဲ့ကိစ္စတွေ သူတို့ စကားပြောစရာတွေ သူတို့ရှိတယ်ပေါ့နော်။ အထူးသဖြင့် ထိုင်ဝမ်ကိစ္စရှိမယ်၊ တောင်တရုတ်ပင်လယ်ကိစ္စတွေရှိမယ်၊ အီရန်တို့ဘာတို့ကိစ္စတွေလည်း အများကြီးရှိမယ်ဆိုတော့ ဒီကြားထဲမှာ မြန်မာကိစ္စကတော့ ထည့်သွင်းပြောဆိုနိုင်လောက်တဲ့ အခြေအနေမမြင်ဘူး။ နှစ်ယောက်လုံးက Fade Out လုပ်ထားတယ်။ ဘာလို့လဲဆိုတော့ တရုတ်ကလည်း မြန်မာကိစ္စမှာ ထဲထဲဝင်ဝင် သူ့လက်သူ့ခြေ လုပ်ထားပြီဖြစ်တဲ့အတွက်ကြောင့် အဲဒီကိစ္စမှာ သမ္မတထရမ့်အနေနဲ့လည်း မြန်မာကိစ္စပါ ထပ်ပြီးတော့ တရုတ်နဲ့ထိပ်တိုက်တွေ့ရဖို့အတွက် ပြောဖို့ဆိုဖို့တွေတော့ မရှိလောက်ဘူးပေါ့။ တရုတ်အနေနဲ့ကလည်း မြန်မာပြည်နဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် ကိုင်တွယ်ထားပြီးသွားပြီဆိုတဲ့အနေအထား၊ သူတယောက်တည်းပဲ ဝင်စွက်ဖက်မယ်၊ ကျန်တဲ့သူ ဝင်မစွက်ဖက်နဲ့ဆိုတဲ့ပုံစံမျိုးအထိ သူက လုပ်ထားတယ်။ ဒေသတွင်း အာဆီယံမှာကအစ သူ့ရဲ့လွှမ်းမိုးမှုနဲ့ လုပ်ထားတာတွေအများကြီးရှိတယ်။ ဥပမာ ကုလသမဂ္ဂမှာဆိုရင်လည်း တရုတ်က ပြတ်ပြတ်သားသား ရပ်တည်ပေးထားပြီးသားတွေ ရှိနေတယ်” လို့ ပြောပါတယ်။
အမေရိကန်နဲ့တရုတ်အစိုးရတို့ဟာ ပထဝီနိုင်ငံရေးအရ မြန်မာ့အရေးကို မဖြစ်မနေ ဆွေးနွေးကြဖို့လိုအပ်နေတာပါ။
နယ်စပ်လုံခြုံရေးပြဿနာ၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းပြဿနာ၊ တရုတ်အစိုးရရဲ့မြန်မာပြည်ကိုအခြေပြုထားတဲ့ အိန္ဒိယသမုဒ္ဒရာ ရေလမ်းထွက်ပေါက် ပြဿနာတွေဟာ အမေရိကန်နဲ့ တရုတ်အစိုးရတို့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး မဖြစ်မနေ ဆွေးနွေးရမဲ့ အခြေခံအချက်တွေဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
ဒီပြဿနာတွေဟာ နယ်မြေချင်းထိစပ်နေတဲ့ တရုတ်၊ အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့အပေါ် သက်ရောက်မှုရှိနေတာပါ။
အိန္ဒိယသမုဒ္ဒရာရေလမ်းခရီးထွက်ပေါက်ပြဿနာဟာ ဒေသတွင်းမှာ တရုတ်အစိုးရရဲ့ စစ်ရေးလွှမ်းမိုးမှုအဆင့်အထိ ဖြစ်လာနိုင်တဲ့အတွက် နှစ်ဖက်သဘောတူညီမှု ကတိကဝတ်တွေ ကြိုတင်ရယူထားသင့်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စတွေအတွက် အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးက လုပ်ငန်းဆောင်ရွက်တာတွေ အပြိုင်ရှိနေပေမဲ့ ခေါင်းဆောင်နှစ်ဦးတွေ့ဆုံရာမှာ ထည့်သွင်းဆွေးနွေးကြောင်း သတင်းထုတ်ပြန်ချက် မရှိခဲ့ပါဘူး။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့က မခင်သီရိနန္ဒာစိုးက “အကျိုးစီးပွားကိုပဲကြည့်တဲ့ ဘောင်ထဲကနေပဲဆိုရင်တောင်မှ တရုတ်နဲ့အမေရိကန်သည် မြန်မာကို သူ့တို့အကျိုးစီးပွားအတွက် ချန်လှပ်ထားဖို့ မသင့်ဘူးပေါ့။ ဘေဂျင်းဟာ စစ်ကောင်စီနဲ့ဆက်ဆံတဲ့အခါမှာ လက်တွေ့ကျတဲ့အ ကျိုးစီးပွားအပေါ်မှာပဲ သူက အခြေခံတယ်။ စစ်ကောင်စီရဲ့စွမ်းဆောင်ရည်မရှိမှုကိုလည်း တရုတ်က သဘောမကျဘူး။ ဒါပေမဲ့ သူ့ရဲ့နယ်စပ်မှာ အမေရိကန်နဲ့အနောက်အုပ်စုလိုလားတဲ့ ဒီမိုကရေစီညွန့်ပေါင်းအဖွဲ့တွေ ထိန်းချုပ်မရအောင် ပေါ်ပေါက်လာမှာကို သူက အင်မတန် စိုးရိမ်တယ်ပေါ့။ နောက် အမေရိကန်အတွက်ကျတော့လည်း ဒီမိုကရေစီ အတိုက်အခံတွေကိုထောက်ခံတဲ့ တရားဝင်မှုဝါဒကို ကျင့်သုံးနေတဲ့သူဖြစ်တဲ့အတွက် စစ်တပ်ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန်အရေးယူပိတ်ဆို့ထားတယ်။ ကြည့်လို့ရှိရင် မတူဘူးလို့ထင်ရပေမဲ့ ဒီကိစ္စဟာလည်းပဲ မဟာဗျူဟာမြောက် သူတို့ထပ်တူကျတယ်။ နှစ်နိုင်ငံလုံးက လက်တွေ့နိုင်ငံရေးအရ တည်ငြိမ်တဲ့အခြေအနေတရပ်ကို ရောက်ဖို့အတွက်က သူတို့နှစ်ဦးနှစ်ဖက်ညှိနှိုင်းရမှာဖြစ်တယ်။ ခေါင်းဆောင်နှစ်ဦးစလုံးက အာဆီယံက ကျောထောက်နောက်ခံပြုတဲ့ ကြားဖြတ်ကူးပြောင်းနိုင်တဲ့ တကယ်ယုံကြည်စရာရှိတဲ့ စစ်အာဏာရှင်အငွေ့အသက်မရှိဘဲနဲ့ ကူးပြောင်းနိုင်တဲ့ယန္တရားတခုအပေါ်မှာ တိတ်တဆိတ် သဘောတူညီမှုရယူနိုင်တယ်ပေါ့နော်” လို့ ပြောပါတယ်။
မြန်မာ့အရေးကို ဆွေးနွေးကြောင်း တရားဝင်သတင်းထုတ်ပြန်မှုမရှိပေမယ့် အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးက မြန်မာ့အရေးကို မူဝါဒရေးရာတွေနဲ့ စနစ်တကျချဉ်းကပ်နေကြတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက Burma Act ၊ BRAVE Burma Act ၊ Burma GAP Act ၊ No New Burma Funds Act စတဲ့ ဥပဒေရေးရာ မြင်သာတဲ့ မူဝါဒတွေနဲ့ မြန်မာ့အရေးကို ချဉ်းကပ်ဖို့ပြင်ဆင်နေတာပါ။
ဒီမိုကရေစီအစုအဖွဲ့တွေကို ပံ့ပိုးမဲ့အချက်တွေ ပါဝင်တဲ့ Burma Act မှာ မြန်မာ့အရေးကို ထိန်းညှိဖို့အချက်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံမူဘောင်အဖြစ်ရှိနေတာပါ။
မြန်မာစစ်တပ်ကို လေယာဉ်ဆီပံ့ပိုးနေတဲ့အဖွဲ့အစည်းတွေကို အရေးယူမဲ့ Brave Burma Act မှာလည်း အရေးယူပိတ်ဆို့မှုသက်တမ်းကို ၂၀၃၂ ခုနှစ် ဒီဇင်ဘာအထိ တိုးမြှင့်ပြဋ္ဌာန်းထားပါတယ်။
သမ္မတဟောင်း ဂျိုးဘိုင်ဒန်ထုတ်ပြန်ခဲ့တဲ့ EO 14014 အစိုးရအမိန့်စာဟာလည်း မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးကော်ပိုရေးရှင်းတွေရဲ့ ဘဏ္ဍာရေးပိုင်ဆိုင်မှုတွေကို ကမ္ဘာလုံးဆိုင်ရာ ဘဏ်လုပ်ငန်းကွန်ရက်တွေကနေတဆင့် ကန့်သတ်ဖြတ်တောက်ထားတာပါ။
တရုတ်အစိုးရကတော့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရာမှာ တရားဝင်သံတမန်ရေးကိုအသုံးပြုဖို့၊ အချုပ်အခြာနဲ့နယ်မြေတည်တံ့မှုကို ကာကွယ်စောင့်ရှောက်ဖို့၊ ဖွံ့ဖြိုးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မြှင့်တင်ကူညီဖို့ စတဲ့အချက်သုံးချက်ပါဝင်တဲ့ Three Firm Supports မူဝါဒကို တရားဝင်ထုတ်ပြန်ထားပါတယ်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်မှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဥပဒေအရ စည်းနှောင်ထားတာတွေ အများကြီးရှိနေပြီး စွမ်းအင်ပိုက်လိုင်းတွေ၊ ဗျူဟာမြောက်အဝေးပြေးလမ်းမတွေနဲ့ အိန္ဒိယသမုဒ္ဒရာကိုထွက်နိုင်ဖို့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စသဖြင့် စီမံကိန်းတွေကို တရုတ်အစိုးရက အကောင်အထည်ဖော်နေသလို စစ်တပ်နဲ့ နှစ်ဖက်သဘောတူပြုလုပ်နေတဲ့ တခြားသော ဒေသတွင်း စီမံကိန်းနဲ့ လုပ်ငန်းတွေလည်း အများကြီးရှိနေပါတယ်။











