
အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ ပြင်ဆင်နေတာလို့ သံသယရှိသူတချို့ကို ဖမ်းဆီးပြီး တပတ်အကြာမှာ အမေရိကန်ပြည်ထောင်စုက သူ့ရဲ့ B-1 ဗုံးကြဲလေယာဉ်တွေကို ဗြိတိန်လေတပ်စခန်းတခုကနေ ပြန်ရုပ်သိမ်းခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က အောက်တိုဘာ ၄ ရက်မှာ ပြောပါတယ်။
လန်ဒန်မြို့ အနောက်မြောက်ဘက်က RAF ဖဲယားဖို့ဒ် လေတပ်စခန်းမှာ B-1 ဗုံးကြဲလေယာဉ် ၁၂ စင်းလောက်ကို တပ်စွဲထားခဲ့တာပါ။
ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူတယောက်က “ဒီလေယာဉ်တွေကို အီရန်နိုင်ငံအပေါ် အမေရိကန်က တိုက်ခိုက်ချိန်မှာ သုံးခဲ့ဖူးပါတယ်။ စစ်ဆင်ရေးဆိုင်ရာ လုံခြုံရေးအရ ကျနော်တို့ရဲ့ စစ်ရေးပစ္စည်းတွေနဲ့ တပ်ဖွဲ့တွေရဲ့ ရွေ့လျားလှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ အတည်ပြု ထုတ်ပြန်နိုင်ခြင်း မရှိပေမဲ့ ဖဲယားဖို့ဒ် လေတပ်စခန်းဆီ စေလွှတ်ထားတဲ့ အမေရိကန် ဗုံးကြဲလေယာဉ်အားလုံး အမေရိကန်က မူလအခြေစိုက်စခန်းတွေဆီ ပြန်ရောက်သွားပြီဆိုတာ အခု အတည်ပြု ပြောနိုင်ပါတယ်” လို့ အီးမေးလ်ကတဆင့် ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားက သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ အီရန်ရဲ့ ဒုံးကျည်စခန်းတွေကို တိုက်ခိုက်ဖို့ RAF ဖဲယားဖို့ဒ် လေတပ်စခန်းအခြေစိုက် ဗုံးကြဲလေယာဉ်တွေကို အသုံးပြုခွင့်ကို ဗြိတိန်အစိုးရက အမေရိကန်ပြည်ထောင်စုကို ခွင့်ပြုခဲ့ပါတယ်။
အဲဒီနောက် RAF ဖဲယားဖို့ဒ် လေတပ်စခန်းကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်ကြံစည်မှုလို့ သံသယရှိရတဲ့ကိစ္စ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










