
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားက သုတေသနဓာတ်ခွဲခန်း ဝန်ထမ်းတယောက် သေဆုံးအပြီးမှာ အဆုတ်ပလိပ်ရောဂါ ကူးစက်ခဲ့ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေကို အမေရိကန်အစိုးရက အနီးကပ် စောင့်ကြည့်နေတယ်လို့ Axios နဲ့ Fox News သတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၂၈ နှစ်အရွယ် ဒါရီးယာရှီပီလိုဗာဟာ အီယာကွတ်စ်ဒေသက ပလိပ်ရောဂါ သုတေသနဌာနမှာ အလုပ်လုပ်သူ ဖြစ်ပါတယ်။
ဒေသတွင်းသတင်းတွေအရ စက်တင်ဘာ ၂၅ ရက်မှာ အဆုတ်ပလိပ်ရောဂါပိုးပါတဲ့ စမ်းသပ်ပြွန်တခု မတော်တဆကွဲပြီး ရှီပီလိုဗာ ထိတွေ့ခဲ့တာ ဖြစ်ပါတယ်။
သူဟာ စက်တင်ဘာ ၂၉ ရက်မှာ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါလက္ခဏာတွေနဲ့ ဆေးရုံတင်ခဲ့ရပြီး အောက်တိုဘာ ၁ ရက် ညကနေ ၂ ရက်နေ့ မနက်ပိုင်းအတွင်း သေဆုံးခဲ့ပါတယ်။
အဲဒီနောက် ဆေးရုံတချို့ကို ကွာရန်တင်းချထားပြီး သူနဲ့ထိတွေ့ခဲ့သူ လူအယောက် ၂၀၀ နီးပါးကို ကျန်းမာရေးစောင့်ကြည့်မှုအောက် ထားရှိထားပါတယ်။
အီယာကွတ်စ်ဒေသ အုပ်ချုပ်ရေးမှူးက စောင့်ကြည့်ခံနေရသူတွေမှာ လက်ရှိအချိန်အထိ ရောဂါလက္ခဏာ မတွေ့ရသေးဘဲ စမ်းသပ်ချက်တွေလည်း အနုတ်လက္ခဏာ ထွက်ထားတယ်လို့ ပြောပါတယ်။
ရုရှားမီဒီယာတချို့က ရှီပီလိုဗာ အဆုတ်ပလိပ်ရောဂါ ကူးစက်ခဲ့နိုင်တယ်လို့ ဖော်ပြပေမဲ့ ရုရှားကျန်းမာရေးအာဏာပိုင်တွေကတော့ အတည်မပြုသေးပါဘူး။
ရုရှားပြည်သူ့ကျန်းမာရေးအေဂျင်စီက သူ့ရောဂါကို “အကြောင်းရင်းမသိရသေးတဲ့ အဆုတ်ရောင်ရောဂါ” လို့ သတ်မှတ်ထားပြီး အလုပ်နဲ့ဆက်နွှယ်တဲ့ ရောဂါပိုး မတွေ့ရဘူးလို့ ဆိုပါတယ်။










