
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ပေါ်မှာ ဒီကနေ့ မွန်းလွဲပိုင်းက မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၁၂ လုံး ဆုံးရှုံးသွားပါတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
မိုးကုတ်မြို့ အောင်မင်္ဂလာရပ်ကွက်ထဲ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်ကား ၇ စီးနဲ့ သွားရောက်ငြှမ်းသတ်ခဲ့ပေမယ့် ရပ်ကွက်ထဲဝင်တဲ့လမ်းတွေ ကျဉ်းမြောင်းတာကြောင့် မီးသတ်ကား ဝင်ရ အခက်အခဲရှိတာကြောင့် နေအိမ် ၁၂ လုံးထိ လောင်ကျွမ်းသွားတယ်လို့ မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့သူ မိုးကုတ်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။
“မီးလောင်တဲ့နေရာက အမှန်တော့ ကျနော်တို့ မီးသတ်ဌာနနဲ့ အနီးလေးပါပဲ။ ကားနဲ့သွားတာ ၅ မိနစ် ၆ မိနစ်လောက်ဘဲ ဒါပေမယ့် လမ်းကကျဉ်းတော့ မီးသတ်ကားဝင်လို့ မရဘူး၊ အဝေးနေဘဲ ဖျန်းရတယ်။ ပြီးတော့ ပိုက်ကလေးတွေနဲ့ ဖြန်ပြီးမှငြိမ်းရတယ်။ မီးရှိန်ကလည်း ပြင်းတယ်ခင်ဗျ၊ ညနေ ၃ နာရီလောက်မှာ မီးငြိမ်းသွားတယ်။ ဒါပေမဲ့ နေအိမ် ၁၂ လုံး လောင်သွားတယ်။ အိမ်က နှစ်ထပ်အိမ်တွေလည်းပါတယ်။ ဝါးကပ်အိမ်၊ ထရံအိမ်တွေလည်း ပါတယ်။ လူတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။”
မီးလောင်ရတဲ့ အကြောင်းရင်း နဲ့ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းကိုတော့ မီးသတ်ဌာန နဲ့ ရဲတပ်ဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာ မှာတော့ မီးလောင်ဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၁၂ လုံးမီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စုပေါင်း ၁၄ စု အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရတယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဓာတ်ပုံ - Iprd Mogok










