
စစ်ကောင်စီ ပြုလုပ်မဲ့ နေပြည်တော် အခုနှစ်သင်္ကြန်ပွဲကို စည်းကားစေဖို့ ရုံးဌာနအလိုက် ဝန်ထမ်းအယောက် ၅၀ ထက်မနည်း လမ်းလျှောက်သင်္ကြန်မှာ ပါဝင်ရေကစားဖို့ ညွှန်ကြားထားတယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်။
နေပြည်တော်သင်္ကြန်ကို စည်ကားစေဖို့ ဗဟိုမဏ္ဍပ်၊ မြို့တော်ဝန်မဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွေမှာ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကနေ ဧပြီ ၁၆ သင်္ကြန်အတက်နေ့ ညနေအထိ ရုံးဌာနအလိုက် ဝန်ထမ်းအယောက် ၅၀ ထက်မနည်း လမ်းလျှောက်သင်္ကြန်မှာ ပါဝင်ရေကစားဖို့ ညွှန်ကြားထားတာလို့ ဆိုပါတယ်။
နေပြည်တော် တပ်ကုန်းမြို့နယ် ဝန်ထမ်းတယောက်က “နေ့စဉ် ရုံးဌာနအလိုက် လမ်းလျှောက်သင်္ကြန်မှာ ပါဝင်ဖို့ ညွှန်ကြားထားတာလို့ သိရပါတယ်။ ဌာနတခု၊ ရုံတခုကို လူ အယောက် ၅၀ ထက်မလျော့စေဖို့ သတ်မှတ်ထားတယ်။ သူ့ဝန်ထမ်းဖြစ်တော့ လုပ်ရမှာပဲလေ” လို့ ပြောပါတယ်။
စစ်ကောင်စီက နေပြည်တော်လမ်းလျောက်သင်္ကြန်မှာ ဌာနဆိုင်ရာရုံးဌာနအလိုက် ပါဝင်ရေကစားဖို့ သတ်မှတ်ထားတဲ့အပြင် ရုံးဌာနတခုကို ယိမ်းအဖွဲ့တခုစီ ပါဝင်ဖျော်ဖြေရမယ်ဆိုပြီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ထွေအုပ်ဝန်ထမ်းအမျိုးသမီးတယောက်က “ရုံးပိတ်ရက် ပေးတာပဲရှိတာ၊ မနားရဘူး၊ ယိမ်းအကအဖွဲ့မှာ ပါရမှာ။ အကပွဲတွေမှာ ပါရတာဆိုတော့ ကုန်ကျစရိတ်တွေက အရမ်းများတယ်။ ကိုယ်တွေလည်း အေးအေးဆေးဆေးနားချင်တာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီက နေပြည်တော်သင်္ကြန်ပွဲကို စည်ကားအောင်လို့ ဝန်ထမ်းတွေကို လမ်းလျှောက်သင်္ကြန်ပွဲနဲ့ ယိမ်းအကအဖွဲ့တွေမှာ သတ်မှတ်ချက်နဲ့ ပါဝင်ခိုင်းထားပေမဲ့ အဝတ်အစားအတွက် စီစဉ်ပေးတာမရှိတာကြောင့် အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရုံးပိတ်ရက်သတ်မှတ်ထားပေမဲ့ ရုံး၊ ဌာနဝန်ထမ်းတွေအနေနဲ့ သင်္ကြန်ပွဲနဲ့ ယိမ်းအဖွဲ့မှာ ပါဝင်ရမယ်လို့ ရုတ်တရက် သတ်မှတ်လိုက်တာကြောင့် နေရပ်ကိုပြန်ဖို့ ကြိုတင်တင်လက်မှတ် ဖြတ်ထားတဲ့သူတွေ ဖျက်သိမ်းရတဲ့အထိ လုပ်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီက နေပြည်တော်မှာ အခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကို နိုင်ငံတော်အဆင့်ပွဲ ကျင်းပဖို့ ပြီးခဲ့တဲ့ မတ်လ ဒုတိယ အပတ်ကတည်းက မဏ္ဍပ်တွေကို စတင်တည်ဆောက် ပြင်ဆင်နေတာပါ။
အဆိုပါ တည်ဆောက်ဆဲ သင်္ကြန်မဏ္ဍပ်တွေ ဧပြီ ၇ ရက်က ရုတ်တရက် လေပြင်းတိုက်ခတ်တဲ့ဒဏ်ကြောင့် ပြိုကျပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့လို့ အားချင်းပြန်လည်ပြုပြင် တည်ဆောက်နေရပါတယ်။











