DVB Logo
Home
မြန်မာသတင်း
RCSS ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့ နေပြည်တော်သို့ ထွက်ခွာ
DVB
·
January 6, 2020
Donate to DVB

နေပြည်တော်မှာ ကျင်းပမယ့် ၈ ကြိမ်မြောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်ဖို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့အဖွဲ့ ဒီနေ့မနက်ပိုင်း တာချီလိတ်ကနေ ပြည်တော်ကို ထွက်ခွာလာပြီလို့ သိရပါတယ်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက  “ကျနော်တို့ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး ယွက်စစ်နဲအတူ အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီးစိုင်းငင်း၊ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိုင်းနဲ့  အလုပ်အဖွဲ့တွေပါ ၁၀ ယောက်လောက် လိုက်ပါလာပါတယ်ခင်ဗျ၊ ကနေ့မနက်ဘဲ တာချီလိတ်ဘက်ကနေ လာကြပါတယ်။ နိုင်ငံတော်အကြီးအကဲတွေနဲ့ သီးခြားတွေ့ဖို့ရှိပေမယ့် အလွတ်သဘောဆိုတော့ ဘာဆွေးနွေးမယ်ဆိုတာ မသိရသေးပါဘူး”   လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီခရီးစဉ်မှာ ဗိုလ်ချုပ်ကြီးယွက်စစ်အနေနဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ တခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပြီး ဒီခရီးစဉ်မှာ ယုံကြည်မှုမြှင့်တင်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ချောမွေ့အောင်မြင်ပြီး ဖက်ဒရယ်တည်ဆောက်ရေးတို့အတွက် များစွာ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်ထားပါတယ်။ 

ဇန်နဝါရီ ၇ ရက်နေ့ နေပြည်တော်မှာ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကျင်းပမှာဖြစ်ပါတယ်။

ဒီနောက် ဇန်နဝါရီ ၈ ရက်နေ့မှာတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပမယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်တဲ့အဖွဲ့ဟာ ၂၀၁၉ခုနှစ် အောက်တိုဘာ ၂၈ ရက်က ကျင်းပတဲ့ အန်စီအေလေးနှစ်ပြည့်ပွဲတုန်းက နေပြည်တော်ကို လွယ်တိုင်းလှန်း-တောင်ကြီးလာကနေ လာဖို့ စီစဉ်ခဲ့ပေမဲ့ တပ်မတော်ဘက်က လုံခြုံရေးအခြေအနေအရ ခွင့်မပြုလို့ ခရီးစဉ် ဖျက်သိမ်းခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013