DVB Logo
Home
မြန်မာသတင်း
ရေကြည်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၂ ဦး ပြင်းထန်ဒဏ်ရာရ
DVB
·
July 16, 2026
Photo: Zaw Win
Photo: Zaw Win
Donate to DVB

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချတာကြောင့် အရပ်သားတယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇူလိုင် ၁၅ ရက် မနက် ၄ နာရီကျော်လောက်က ရေကြည်မြို့နယ်ထဲက မြောက်စမ်းနဲ့ ဇီးရိုးစမ်းကျေးရွာ ဝန်းကျင်ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် အရပ်သားတယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကာ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်အခြေအနေကို သိရှိသူတယောက်က “မနက်အစောပိုင်း ကြဲချသွားတာ။ Y-12 တွေ၊ ဂျက်ဖိုက်တာတွေနဲ့ ချသွားတာ။ သေဆုံး ထိခိုက်တာတွေ ရှိတယ်။ အရပ်သားတွေနေတဲ့ နေရာမှန်း သိရက်နဲ့ လုပ်သွားတာ” လို့ ပြောပါတယ်။

လေကြောင်းနဲ့ ဗုံးကြဲခံရတာကြောင့်အသက် ၅၀ ကျော်အရွယ် ဒေါ်ရင်ဌေး သေဆုံးခဲ့ပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်ဘက်ကနေ ဂျက်ဖိုက်တာတွေ၊ Y-12 လေယာဉ်တွေ သုံးပြီး ရခိုင်ရိုးမအစပ်က နေရာတွေကို ဗုံးကြဲမယ်လို့ သိရတယ်။ ဒေသခံတွေအနေနဲ့ အရင်ထက် သတိပိုထားနေဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

လတ်တလောအနေနဲ့ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် ဇီးရိုးစမ်းနဲ့ မြောက်စမ်းကျေးရွာတွေဘက်က နေအိမ်တွေ အများဆုံး ပျက်စီးခဲ့ပြီး အရပ်သားသေဆုံးမှုတွေ တိုးနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ရိုးမအစပ် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ကာကင်းစခန်းနဲ့ တပ်စခန်း ၄ ခုထက်မနည်းကို ဇွန်လ တတိယအပတ်နဲ့ ဇူလိုင်လ ပထမအပတ်ထဲမှာ တော်လှန်ရေးတပ်တွေက သိမ်းယူပြီးနောက် စစ်အာဏာရှင်တပ်က အခုလို လေကြောင်းကနေ ဗုံးကြဲချတာတွေကို ရက်ဆက် လုပ်လာတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013