ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့မှာ မနေ့က ကျပ်သိန်းပေါင်း ၂၆၄ သိန်းတန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူးစီမံချက် ၁၅၁၁ အရ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး တိုင်းနဲ့ပြည်နယ်တခွင် မူးယစ်ဆေးဝါးဖမ်းဆီးရေးကို ဆောင်ရွက်နေရာမှာ ကျောက်မဲခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေအနေနဲ့လည်း နယ်မြေတွင်းစစ်ဆေးရေး ဆောင်ရွက်နေကြောင်း၊ ဇန်နဝါရီလ ၂ ရက်နေ့ မနက်ပိုင်းက ကျောက်မဲမြို့အဝင် အိုရီယမ်တယ် တိုးဂိတ်မှာ ဖြတ်သန်းဝင်ရောက်လာတဲ့ ဆယ်ဘီးကားတစီးပေါ်ကနေ ဘိန်းဖြူအမြောက်အမြားကို ဖမ်းမိခဲ့တာလို့ နယ်မြေတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ကျောက်မဲ ဇီဝိတ လူမှုကူညီရေးအသင်းမှ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့မနက် ၁၀ နာရီလောက်က ကျောက်မဲမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်နားမှာ တာဝန်ရှိသူတွေ စောင့်ကြပ်စစ်ဆေးနေတုန်း အဖြူရောင်ဆယ်ဘီးကားတစ်စီး ဝင်လာတယ်။ အဲဒီ ကားကို မသင်္ကာလို့စစ်ဆေးတာ ကားနောက်ခန်း အောက်ကြမ်းခင်းမှာ အံဝှက်လုပ်ထားတာ တွေ့တယ်။ အဲဒီအံဝှက်ကို ဖွင့်ကြည့်တော့ ဘိန်းဖြူတွေထည့်ထားတဲ့ ဆပ်ပြာခွက်တွေရော၊ ဘိန်းဖြူထုတ်တွေပါ တွေ့တယ်။ ဆပ်ပြာခွက်စုစုပေါင်း ၁၃၂၀ ခွက် အလေးချိန်စုစုပေါင်း ၁၃ ဒဿမ ၂ ကီလိုဂရမ် ကာလတန်ဘိုး စုစုပေါင်း ကျပ်သိန်းပေါင်း ၂၆၄ သိန်းဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်ခင်ဗျ။”
အဆိုပါ ဆယ်ဘီးကားကို မောင်းနှင်လာသူမှာ သိန္နီမြို့နယ် နမ့်စလပ်ရွာမှာ နေထိုင်သူ ထွန်းသန်း ခေါ် လိဆင်ချန်း ဆိုသူဖြစ်ပြီး အဆိုပါကားကို စဉ့်အင် နဲ့သီပေါကြား ၉ မိုင်းနားကနေ မောင်းနှင်ခဲ့ကြောင်း၊ ဒီမတိုင်ခင် အသိတဦးရဲ့ ဆက်သွယ်ချက်နဲ့ အမည်မသိ တရုတ်အမျိုးသား ၁ ဦးက အဆိုပါကားကို ကျောက်မဲတိုးဂိတ်အလွန်ထိ မောင်းနှင်ပေးကာ ငွေကျပ် ၅ သောင်းပေးမယ်လို့ ပြောတာကြောင့် ငွေယူပြီး မောင်းလာပေးစဉ် ဖမ်းဆီးခံရတာလို့ ဝန်ခံထားပါတယ်။
ကျောက်မဲရဲစခန်းကတော့ ထွန်းသန်း ခေါ် လိ ဆင်ချန်းကို မူး/စိတ်ပုဒ်မ ၁၉ (က ) /၂၀(က ) နဲ့ အရေးယူထားတယ်လို့ ဦးတင်မောင်သိန်းက ပြောသွားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောက်မဲရဲစခန်းကိုတော့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။











