
ရေကြီးရေလျှံဖြစ်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ မြေပြိုကျပြီး အသက် ၅၀ ဝန်းကျင်အရွယ် အရပ်သားတယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂၁ ရက် မနက်မှာ ဖားကန့်မြို့ အေးမြသာယာရပ်ကွက်က နေအိမ်တလုံးပေါ် တောင်မြေပြိုကျတာကြောင့် နေအိမ်ထဲမှာ တယောက်တည်း နေထိုင်တဲ့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတယောက် ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ပျောက်ဆုံးနေတဲ့ အမျိုးသားရဲ့ မှတ်ပုံတင်၊ ဖုန်းနဲ့ ဆိုင်ကယ်တွေကို တွေ့တယ်။ လူကတော့ ပျောက်နေတာ။ အိမ်နောက်ဖေးသွားရင်း မြေပြိုတာကနေ ပိမိတယ်လို့တော့ သိရတယ်။ ရေကြီးနေတော့ ရှာဖွေရေးလုပ်ရာမှာလည်း အခက်အခဲရှိနေတယ်။ အိမ်လည်း နောက်ဘက်ခြမ်း ပြိုသွားတယ်။ လူကိုတော့ မတွေ့ရသေးလို့ ဒီနေ့ ဆက်ရှာနေကြတယ်” လို့ DVB ကို ပြောပါတယ်။
မြို့ပေါ်ရပ်ကွက်တွေထဲက ဥရုချောင်းရေ ဝင်ရောက်မှု အနည်းငယ်ကျဆင်းလာပေမဲ့ နေအိမ်တွေထဲနဲ့ လမ်းတွေပေါ်မှာ ရေရှိနေဆဲဖြစ်သလို မိုးလည်း ဆက်ရွာနေတဲ့အပြင် ဖားကန့်-ဆိပ်မူ သွားလမ်းဖြစ်တဲ့ ဖားပြင် ကူးတို့ဆိပ်ကတော့ စက်လှေကူးပေးနေတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး ဇွန် ၂၀ ရက်စလို့ ဥရုချောင်းရေ မြင့်တက်လာတာကြောင့် မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံကာ နေအိမ်တွေထဲ ရေဝင်ရောက်လာတာကြောင့် ပြည်သူထောင်နဲ့ချီ ရေဘေးသင့်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဥရုချောင်းရေ ဝင်ရောက်မှုကြောင့် ဖားကန့်မြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ မှော်ဝမ်း၊ မြို့မ၊ ငှက်ပျောတော၊ မရှီကထောင်နဲ့ အေးမြသာယာရပ်ကွက်တွေမှာ နေအိမ်တွေထဲ ရေဝင်ရောက်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့် ကျောက်ဝိုင်း၊ ငှက်ပျောတော၊ မရှီကထောင် စတဲ့ရပ်ကွက်တွေအပြင် လုံးခင်းကျေးရွာဘက်မှာပါ ရေကြီးရေလျှံခဲ့သေးတယ်လို့ သိရပါတယ်။










