
အယ်လ်ဘေးနီးယားနိုင်ငံ၊ ဝန်ကြီးချုပ်အက်ဒီရာမာ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေအတွင်း အောက်တိုဘာ ၂၀ ရက် ညပိုင်းက တီရာနာမြို့မှာ ဆန္ဒပြသူတွေက ရဲတွေကို ဓာတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြသလို ရဲတွေကလည်း ရေအမြောက်တွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။
အစိုးရရဲ့ လာဘ်စားမှုတွေ၊ အလုပ်အကိုင် ရှားပါးမှုနဲ့ ပညာရေးအဆင့်အတန်း နိမ့်ကျမှုတို့အပေါ် မကျေနပ်မှုတွေကြောင့် စတင်ခဲ့တဲ့ ဒီဆန္ဒပြပွဲဟာ မြို့တော် တီရာနာနဲ့ တခြားမြို့တွေကိုပါ ကူးစက်သွားခဲ့ပြီး အခုဆိုရင် ၈ ရက်မြောက်နေ့ထဲ ရောက်လာခဲ့ပါပြီ။
အက်ဒီရာမာ နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတဲ့ ဆန္ဒပြသူတွေဟာ ဘဏ်တွေနဲ့ အစိုးရအဆောက်အအုံတွေကို မီးရှို့တာ၊ စတိုးဆိုင်မှန်တွေကို ရိုက်ခွဲတာနဲ့ လမ်းဘေး ပလက်ဖောင်းကျောက်ပြားတွေကို ခွာပြီး ရဲတွေကို ပစ်ပေါက်ခဲ့ကြပါတယ်။
အကြမ်းဖက်မှုတွေဟာ အောက်တိုဘာ ၁၃ ရက်က စတင်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၇ ရက် မှာတော့ လူပေါင်းထောင်ချီ ပညာရေးဝန်ကြီးဌာန ရှေ့မှာ စုဝေးခဲ့ကြတာကြောင့် အခြေအနေ အဆိုးရွားဆုံး ဖြစ်ခဲ့ပါတယ်။
အဲဒီမှာ ဆန္ဒပြသူတွေက လုံခြုံရေးရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြသလို ရဲတွေကလည်း မျက်ရည်ယိုဗုံး၊ ရေအမြောက်နဲ့ ရာဘာကျည်ဆန်တွေ သုံးပြီး တုံ့ပြန်ခဲ့ကြတာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သားမက် ဂျာရက်ကွတ်ရှ်နာ အထောက်အပံ့ပေးထားတဲ့ ကမ်းခြေ ဇိမ်ခံစီမံကိန်းကို ဆန့်ကျင်ပြီး နွေရာသီကတည်းက လအတော်ကြာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီးနောက် အခုလို မငြိမ်မသက်မှုတွေ ပေါ်ပေါက်လာတာပါ။
ဒီအခြေအနေဟာ ၂၀၁၃ ကတည်းက အုပ်ချုပ်လာပြီး လွန်ခဲ့တဲ့နှစ်ကမှ ၄ ကြိမ်မြောက် သက်တမ်းအတွက် ထပ်မံအနိုင်ရထားတဲ့ ဝန်ကြီးချုပ် ရာမာအတွက်တော့ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာခဲ့ပါတယ်။











