DVB Logo
Home
မြန်မာသတင်း
သဖန်းဆိပ်ဆည်ကြောင့် ဆုံးရှုံးခဲ့သည့်မြေယာ ဧက ၁၂၀၀ ကျော် အစားပြန်မရသေး
DVB
·
December 28, 2019
သဖန်းဆိပ်ဆည်ကြောင့် ဆုံးရှုံးခဲ့သည့်မြေယာ ဧက ၁၂၀၀ ကျော် အစားပြန်မရသေး
Donate to DVB

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က တည်ဆောက်ခဲ့တဲ့ သဖန်းဆိပ်ဆည်ကြောင့် ဆုံးရှုံးခဲ့တဲ့ မြေယာဧက ၁၂၀၀ ကျော် အခုထိ အစားပြန်မရသေးတာတွေ ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်မှာရှိတဲ့ သဖန်းဆိပ်ဆည်ကို ၁၉၉၆ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ရေဝပ်ဧရိယာထဲမှာကျမယ့် ကျွန်းလှ၊ ကန့်ဘလူနဲ့ ကောလင်းမြို့နယ်တို့က လူနေရပ်ကွက်နဲ့ရွာတွေ အများအပြားရွှေ့ပြောင်းခဲ့ရတာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ရေဝင်နည်းလို့ လယ်တွေကို ရေမပေးနိုင်တော့တဲ့ သဖန်းဆိပ်ဆည်ကို မနေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီး ဒေါက်တာ အောင်သူလာရောက်ကြည့်ရှုခဲ့ပါတယ်။ 

အဲဒီမှာ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းက သဖန်းဆိပ်ရေလှောင်တမံ တည်ဆောက်တုန်းက စိုက်ပျိုးမြေတွေ ဆုံးရှုံးခဲ့ပေမယ့် အခုအချိန်ထိ ခံစားခွင့်မရသေးတဲ့ ဒေသခံတွေ ကျန်နေတဲ့ အပေါ် သင့်တော်တဲ့အကူအညီတွေပေးဖို့ တင်ပြခဲ့တာပါ။

ဦးကျော်လင်းက “ကျွန်းလှမြို့နယ်မှာ ရွှေ့ပြောင်းခဲ့ရတာ ၇၃ ရွာကျော်ရှိတယ်။ ဒီထဲမှာ မြေယာအစား အခုအချိန်အထိ ပြန်မရသေးတာက ဧက ၁၂၀၀ ကျော်ရှိပါတယ်။ ဒီအတွက်၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ နောက်ပိုင်းကတည်းက လွှတ်တော်ထဲမှာ ပြောခဲ့ပါတယ်။ အခု ကိုယ်တိုင်လည်း လွှတ်တော်မှာ ၃ ကြိမ်ဝန်းကျင်မေးမြန်းခဲ့ပါတယ်။  ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်ပေးပါ့မယ်ဆိုပြီး ဖြေတယ်။ ခုအချိန်ထိ ဘာမှမထူးဘူး” လို့ ပြောပါတယ်။

ဝန်ကြီး ဒေါက်တာအောင်သူကတော့ လယ်မြေယာမြေ စိုက်ပျိုးမြေတွေ အစားထိုးဖော်ထုတ်ပေးခဲ့ပေမယ့် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ခံစားခွင့်မရသေးတဲ့ ဒေသခံတွေ ကျန်နေတာကို သိပြီး အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ထိခိုက်နစ်နာနေတာကို အကောင်းဆုံး ကုစားဖြေရှင်းပေးနိုင်ရေး အလေးထားဆောင်ရွက်နေတာကြောင့် ဒီဖြစ်စဉ်ကို အမြန်ဖြေရှင်းကူညီပေးနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ဖြေခဲ့ပါတယ်။

အရင်က အစားထိုးပေးခဲ့တဲ့ စိုက်ပျိုးမြေတွေဟာလည်း မြေညံ့တွေဖြစ်လို့ စိုက်ပျိုးဖို့ မလွယ်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းက ပြောပါတယ်။ 

“ရွာတော်တော်များများကတော့ စိုက်ပျိုးမြေရပေမယ့် မြေညံ့တွေများတယ်။ ကျောက်စရစ်ပါတဲ့ မြေတွေပေါ့။ ကျနော်ကိုယ်တိုင်လည်း မြေဧက ၂၀ ရထားတာ ဒီတိုင်းပစ်ထားရတယ်။ ကိုယ်တွေ့ပေါ့။”

သဖန်းဆိပ်ရေလှောင်တမံ ဘက်စုံစီမံကိန်းကို ၁၉၉၆ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး မူလတည်ဆောက်တုန်းက ဝင်ရေ ဧကပေ ၃၅ သိန်းလောက် ခန့်မှန်း တွက်ချက်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ ဝင်ရေဧကပေ ၇၆ သိန်းကျော် အများဆုံးရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ဝင်ရေဧကပေ ၉ သိန်းကျော်ပဲ ရှိတာကြောင့် နှစ်ပေါင်း ၂၀ အတွင်း အနည်းဆုံးဖြစ်ခဲ့ပြီး ဒီနှစ်မှာ နွေစပါးအတွက် ရေပေးတာကို ရပ်ဆိုင်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013