DVB Logo
Home
မြန်မာသတင်း
သဖန်းဆိပ်ဆည်အတွင်းက ရွှေဖောင်များကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၆ ဦးထက်မနည်း သေဆုံး
DVB
·
October 6, 2026
Photo: ကျွန်းလှ ပအဖ
Photo: ကျွန်းလှ ပအဖ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အနောက်ခြမ်း သဖန်းဆိပ်ဆည်အတွင်းက ရွှေတူးဖော်နေတဲ့ ရွှေဖောင်တွေပေါ်ကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီက စတင်ကာ ၄ နာရီကျော်အထိ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားလို့ သေဆုံးသူ ၆ ယောက်နဲ့ ဒဏ်ရာရသူ ၄ ယောက်ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လေယာဉ် ၄ စီးဟာ ဟုမ္မလင်းမြို့ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် အမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသခံတယောက်က “နေ့ခင်း ၁ နာရီ ၄၄ မိနစ်ကနေ ၁ နာရီ ၄၅ မိနစ်မှာ ကနဦး တစီးရောက်လာပြီး ဗုံးကြဲတယ်။ နောက်ထပ် ၁ နာရီ ၄၈ မိနစ်မှာ နောက်ထပ်တစီး ရောက်လာပြီး ထပ်ကြဲချတယ်။ နောက်ထပ် ၄ နာရီကျော်မှာ နောက်ထပ် ၂ စီး ရောက်လာပြီး ထပ်ကြဲချတယ်ဗျ။ အခု လောလာဆယ်တော့ သေဆုံးသူ ၆ ဦးနဲ့ ဒဏ်ရာရသူ ၄ ဦးရှိတယ်။ ဒီအ‌ရေအတွက်က ကနဦး အရေအတွက်ပါ။‌ နောက်ထပ် သေဆုံး ဒဏ်ရာရသူတွေလည်း ထပ်ရှိနိုင်သေးတယ်ဗျ။ ကျနော်တို့ ‌‌မျက်စိရှေ့ မြင်တွေ့ရသူတွေ အရေးပေါ် ကယ်ထုတ်လာတဲ့ အရေအတွက်ကို ပြောရသေးတာဗျ။ ရွှေဖောင်က ၇ စီး မီးလောင်တယ်။ မီးမ‌လောင်ဘဲ ကျည်ဆန်မှန်ပြီး ပျက်စီးတာက ၄ စီးရှိတယ်။ စုစု‌ပေါင်း ၁၁ စီး ပျက်စီးတယ်” လို့ ပြောပါတယ်။

အခု လေယာဥ်နဲ့ ဗုံးကြဲချထားတဲ့နေရာက ဒဏ်ရာရ သေဆုံးသူတွေကို ကယ်ဆယ်ရေးသမားတွေ ကူညီကယ်ဆယ်ရေး လုပ်လို့မရအောင် စစ်တပ်က လေယာဉ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲချနေတယ်လို့လည်း ဒေသခံ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဒေသတွင်း ကူညီကယ်ဆယ်ရေးသမားတယောက်က “အခုဟာက စစ်တပ်က ပုံမှန်လုပ်ဆောင်နေကျအတိုင်း မဟုတ်တော့ဘူးဗျ။ ဘာလို့လဲဆိုတော့ အရင်က သူတို့ လာကြဲချတဲ့ နေရာကို တကြိမ်ပဲ လာကြဲချပြီး ပြန်သွားတာ။ အခုဟာက ကနဦး တကြိမ်ချပြီး ‌‌ကူညီကယ်ဆယ်ရေးသမားတွေ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့အချိန်ကို ရည်ရွယ်ချက်ရှိရှိ ထပ်ပြီး နောက်တကြိမ် လာကြဲချတယ်။ Rocket‌ တွေနဲ့လည်း ပစ်ခတ်သွားတယ်ဗျ။ အဲဒါကြောင့် ကျ‌နော်တို့အနေနဲ့ ဘယ်လိုမှ ကယ်ဆယ်ရေး လုပ်လို့မရဘဲ ဖြစ်နေကြရပါတယ်” လို့ ပြောပါတယ်။

စစ်တပ် လာရောက်ဗုံးကြဲချတဲ့ နေရာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရွှေတူးဖော်ရာ နေရာကို အကြောင်းမဲ့ ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေကို လာသတ်ဖြတ်တာလို့လည်း ဒေသခံ ပြည်သူတွေက ပြောပါတယ်။

ကျွန်းလှမြို့နယ် ပအဖ အဖွဲ့ဝင်တယောက်က “နေ့ခင်းပိုင်း ဗုံးကြဲတာက ၆ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာပြင်းထန်ရတယ်။ ည‌နေပိုင်းကြဲတာက အသေအပျောက် ဒီထက်များနိုင်တယ်လို့ သိထားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကယ်ဆယ်ရေးလုပ်နေတဲ့အချိန်ကို နောက်ထပ်တကြိမ် လာကြဲချသွားတာ။ ကျ‌နော့်ဆီတော့ ညနေပိုင်း လာကြဲချလို့ ထိခိုက်သေဆုံးတဲ့ စာရင်းဇယား ရောက်မလာသေးဘူးဗျ” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်က ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းက ရွှေမျောဖောင်တွေကို အခုနှစ် မတ် ၁၅ ရက်ကလည်း အခုလို လေကြောင်းကနေ ဗုံးကြဲချလို့ အရပ်သား သေဆုံးတာတွေ ရှိခဲတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013