DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် မိုးစပါး ဖြုတ်ပိုးကျသဖြင့် စပါးအထွက်နှုန်း ထက်ဝက်ကျော်ကျဆင်း
DVB
·
December 28, 2019
စစ်ကိုင်းတိုင်းတွင် မိုးစပါး ဖြုတ်ပိုးကျသဖြင့် စပါးအထွက်နှုန်း ထက်ဝက်ကျော်ကျဆင်း
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း မြို့နယ်တော်တော်များများမှာ ရာသီဥတုပြောင်းလဲမှုကြောင့် အခုနှစ် မိုးစပါးစိုက်ကွင်းတွေကို ဖြုတ်ပိုး ကျရောက်ခဲ့ပြီး စပါးအထွက်နှုန်း ထက်ဝက်ကျော် ကျဆင်းခဲ့တာကြောင့် တောင်သူတွေ အခက်အခဲကြုံတွေ့ခဲ့ကြရပါတယ်။ 

ဒါ့အပြင် အခု ရိတ်သိမ်းချိန်မှာလည်း ပိုးကျခဲ့တဲ့ လယ်တွေမှာ စပါးအထွက်နှုန်းတွေ ထက်ဝက်ကျော် လျော့နည်းကျဆင်းခဲ့ပြီး တောင်သူတွေ အရှုံးပေါ်နေကြတာပါ။ 

ဒီပဲယင်းမြို့နယ်၊ သရက်ကန်အုပ်စု၊ မူးကမ်းကြီးအုပ်စုတွေအတွင်းက ကျေးရွာတွေမှာလည်း အောက်တိုဘာလအတွင်းက ကျရောက်ခဲ့တဲ့ ဖြုတ်ပိုးကြောင့် လယ်တချို့ မရိတ်ရတဲ့အထိ ဖြစ်ပေါ်ခဲ့သလို ရိတ်ရတဲ့ လယ်တွေမှာလည်း ပုံမှန်အားဖြင့် ၁ ဧကကို စပါးတင်း ၇၀၊ ၈၀ ဝန်းကျင် ထွက်ရှိရာမှ ပျမ်းမျှ တင်း ၄၀ အောက်သာ ထွက်ရှိခဲ့ပြီး စပါးအရည်အသွေးကလည်း အရင်နှစ်ကထက် သိသိသာသာ ကျဆင်းခဲ့တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

"စပါးက အခုမှ စသိမ်းနေကြတုန်း။ စပါးအထွက်ကတော့ ပြီးတဲ့သူက တချို့ ၄၀၊ တချို့လည်း ၂၅၊ ၃၀ ပေါ့။ တချို့ကတော့ ရိတ်တောင်မရိတ်ရဘူး။ ဒီနှစ်အတွက် တောင်သူတွေ ရှုံးတယ်။ ၁ ဧကကို ၂ သိန်းလောက်တော့ ရှုံးမယ်။ ပုံမှန်စိုက်စရိတ်အပြင် ပိုးကျလိုက်တော့ ဆေးဖိုး၊ လုပ်အားခ၊ ပိုကုန်သွားတယ်။ ရိတ်ရတဲ့ စပါးတွေကလည်း အရည်အသွေးကျသွားတယ်။ အလေးချိန်လျော့တယ်။ လောလောဆယ်တော့ စပါးအသစ်က ရောင်းသူပဲ ရှိသေးတယ်။ ဝယ်မယ့်သူ မရှိသေးဘူး။ စပါးလည်း သိပ်မပေါ်သေးတဲ့အပြင် စပါးအဟောင်းလည်း ကျန်နေသေးတယ်။"လို့ မူးအုန်းကျေးရွာက တောင်သူ ဦးသန်းငွေက ပြောပါတယ်။

ဒီယင်းမြို့နယ်မှာ မိုးစပါးကို ရွှေဘိုဘေးကျားခေါ် ရွှေဘိုပေါ်ဆန်းမွှေးစပါးကို အဓိကထား စိုက်ပျိုးကြတာပါ။ စပါးစျေးက စပါးအဟောင်း တင်း ၁၀၀ ကို ငွေကျပ် ၁၅ သိန်းဝန်းကျင်ပေါက်စျေးရှိပြီး အရောင်းအဝယ်အေးနေပါတယ်။ စပါးအသစ်ကလည်း တင်း ၁၀၀ မှ ၁၀ သန်းဝန်းကျင် ပေါက်စျေးရှိပေမယ့် အရောင်းအဝယ် သိပ်မဖြစ်သေးပါဘူး။ 



အရင်နှစ်တွေက တခြားနှိမ်နင်းရလွယ်ကူတဲ့ ပိုးတွေသာ ကျရောက်ခဲ့ပြီး ဒီနှစ်ကတော့ နှိမ်နင်းရခက်ပြီး ပေါက်ပွားမှုအားကောင်းတဲ့ ဖြုတ်ပိုးကျခဲ့လို့ တောင်သူတွေ အထိနာပြီး အရှုံးပေါ်ခဲ့တာပါ။ ဒါ့အပြင် စပါးပိုးကျခဲ့လို့ စပါးရိတ်သိမ်းခြွေလှေ့စက် လုပ်သူတွေလည်း အဆင်မပြေဘူးလို့ ရိတ်သိမ်းခြွေလှေ့စက် အငှားလိုက်သူ ဦးချစ်စရာက ပြောပါတယ်။

"ပင်ထောင်ဆို တရက်ကို ၁၀ ဧက ဝန်းကျင်ပြီးတယ်။ အခုက ပိုးက အရင်းက စားထားတာတွေဆိုတော့ လဲကုန်တာ။ စပါးပင်ရှိတဲ့နေရာသွားပြီး လိုက်ရိတ်နေရတာ။ သိပ်မတွင်ဘူး။ လမ်းမောင်းဆီအကုန်များနေတာ။ ဟိုနားသွားလိုက်၊ ဒီနားသွားလိုက်နဲ့။ ပြီးတော့ ၁ရက်မှ ၃ ၊ ၄ ဧကပဲ ပြီးတယ်။ ပင်ထောင်ဆို ၁ ဧက ၄၅၀၀၀ ကျပ်ရတယ်။ လဲနေတာကျတော့ ၁ ဧကကို ၅ သောင်းကျပ်ယူတယ်။ ဒါပေမဲ့ ပင်ထောင်ပဲ အငှားလိုက်ချင်တယ်။ လဲနေတာ မရိတ်ချင်ဘူး။ ကိုယ့်အတွက် မကိုက်ဘူး။ ဒီနှစ်ကတော့ အားလုံးအဆင်မပြေကြဘူး။”

အခုနှစ်မိုးရာသီမှာ မိုးရွာသွန်းမှု နည်းပါးခဲ့ပြီး ရာသီဥတုက အေးချိန်မှာ မအေးခဲ့တဲ့အတွက် ပိုးတွေကျရောက်ခဲ့ပါတယ်။ ဒါ့အပြင် ဆည်တွေလည်း ရေအဝင်နည်းခဲ့တာကြောင့် စိုက်ပျိုးရေလည်း လုံလောက်အောင် ပေးဝေနိုင်ခြင်း မရှိခဲ့ပါဘူး။ 

လာမယ့်နွေရာသီအတွက် သဖန်းဆိပ်ဆည်ကို အမှီပြုရတဲ့ လယ်ယာစိုက်ခင်းတွေကို ရေမပေးဝေနိုင်တော့တဲ့အတွက် တောင်သူတွေအနေနဲ့ စပါးအစား ရေလိုအပ်ချက်နည်းတဲ့ တခြားသီးနှံတွေ ပြောင်းလဲစိုက်ပျိုးကြဖို့နဲ့ တခြားသော ရေရှိရေးနည်းလမ်းတွေ ရှာကြံကြဖို့ စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အလိုက် ကွင်းဆင်းပြီး အသိပညာပေးတာတွေလည်း ပြုလုပ်နေပါတယ်။ 

ဒီပဲယင်းမြို့နယ်အတွင်းက တောင်သူတွေကတော့ ပဲတီစိမ်း၊ နွေနှမ်း စိုက်မယ့် တောင်သူတွေရှိသလို တချို့ကတော့ မြေလှန်ပြီး ဒီတိုင်း မြေပလှပ်ထားတာမျိုး လုပ်ဖို့လည်း စီမံနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013