DVB Logo
Home
မြန်မာသတင်း
တပ်မတော်၏လက်နက်ကြီးကျည်ကြောင့် ဖမ်းထားသူများလုံခြုံရေး အာမ,မခံဟု အေအေပြော
DVB
·
December 28, 2019
တပ်မတော်၏လက်နက်ကြီးကျည်ကြောင့် ဖမ်းထားသူများလုံခြုံရေး အာမ,မခံဟု အေအေပြော
Donate to DVB

အေအေတပ်ဖွဲ့ဘက်က ဖမ်းထားသူတွေကို လုံခြုံအောင်ထားပေမယ့် တပ်မတော်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် မထိဘူးဆိုတာ အာမ,မခံဘူးလို့ အေအေဘက်က ပြောပါတယ်။ 

အေအေဘက်က ဖမ်းထားတဲ့အထဲမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် ကျန်နေသေးတဲ့သူတွေကို လုံခြုံအောင်ထားပေမယ့် ထပ်ပြီး လက်နက်ကြီးကျည် မထိဘူးဆိုတာ အာမ,မခံဘူးလို့ အေအေပြောရေးဆိုခွင့် ရှိသူ ခိုင်သုခက ဒီဗွီဘီသတင်းဌာနကို ပြောပါတယ်။

“ကျနော်တို့ကတော့ သူတို့ကို အကောင်းဆုံးထားတယ်။ ဒါပေမဲ့ ဗမာစစ်တပ်ဘက်က လက်နက်ကြီးကျည် မထိပါဘူးလို့ ကျနော်တို့က အာမမခံနိုင်ဘူး။ လုံခြုံရေးအရ ပြောရမယ်ဆိုရင် ဘယ်သူမှ မလုံခြုံဘူး။ စစ်သုံ့ပန်းသက်သက်လောက်ပဲ မလုံခြုံဘူး ပြောလို့မရဘူး။ ကျန်တဲ့သူတွေလည်း ဘယ်သူမှ မလုံခြုံဘူးဆိုတာ ကျနော်တို့ဘက်က နိုင်ငံတကာ သိအောင် ပြောချင်တာရှိတယ်။”

ဘူးသီးတောင်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဉက္ကဋ္ဌ ဦးရဲသိန်းကို အေအေတပ်ဖွဲ့ဘက်က ဖမ်းထားတုန်း တပ်မတော်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားတယ်လို့  ဒီဇင်ဘာလ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနေ့က ဘူးသီးတောင် စကခ-၁၅  တပ်မဌာနချုပ် လက်နက်ကြီးတွေနဲ့ အေအေတပ်ဖွဲ့တွေရှိတဲ့ ပွိုင့် ၄၂၈ တောင်ကုန်းကို ပစ်ခတ်တာကြောင့် လက်နက်ကြီးကျည် ထိမှန်ပြီး ဉီးရဲသိန်း သေဆုံးသွားတာလို့ အေအေဘက်က ဆိုပါတယ်။

အဲဒီကိစ္စနဲ့ပတ်သတ်ပြီး တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၂၅ ရက်နေ့ က ဘူးသီးတောင်ဘက်မှာ တပ်မတော်နဲ့ အေအေတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိဘူးလို့ တုံ့ပြန်ပါတယ်။

“သူတို့ကတော့ ဒီလိုမျိုး ကလိမ်ကကျစ် ထုတ်ပြန်ချက်တွေ ထုတ်ပြန်နေကျပါ။ ရခိုင်ပြည်နယ်တခုလုံး ဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့တော့ လုံးတီးမှာ ဖြစ်ခဲ့တာ ရှိတယ်။ ရခိုင်ပြည်နယ် ပလက်ဝနဲ့ မင်းပြားမှာ တိုက်ခိုက်နေတဲ့ စခန်းကို ၂၄၊ ၂၅ မှာပဲ တိုက်ခိုက်ခဲ့တာ ရှိတယ်။ အမ်းချောင်းဘက်မှာ တိုက်ပွဲဖြစ်တာ ရှိတယ်။ ကဇူးကိုင်းဘက်မှာ တိုက်ပွဲဖြစ်တာ ရှိတယ်။ ကျန်တာမရှိပါဘူး။ ဒါကြောင့်မို့ သူတို့ လက်နက်ကြီး ပါတယ်လို့ လုပ်ကြံပြောတယ်။ နောက်တချက်က လက်နက်ကြီးကျည် ကျတယ်ဆိုတာလည်း လက်နက်ကြီးကျကတော့ အဲဒီလူ တယောက်တည်းအပေါ် မှန်စရာအကြောင်း မရှိပါဘူး။ လက်နက်ကြီးရဲ့ သဘောတရားနဲ့ပတ်သက်ရင် ဒါ လုပ်ကြံထုတ်ပြန်တယ်လို့ပဲ ပြောချင်ပါတယ်။”

ဒီဇင်ဘာလ ၂၄ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနက အရာရှိ ၃ ဉီးနဲ့ စစ်တွေအခြေစိုက် Mytel ဆက်သွယ်ရေးလုပ်ငန်းက ဝန်ထမ်း ၂ ဦးကိုလည်း အေအေဘက်က ဖမ်းသွားတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

လ.ဝ.က ဝန်ထမ်းတွေကို ဖမ်းဆီးထားတာ မှန်ပေမယ့် Mytel ဆက်သွယ်ရေးလုပ်ငန်းက ဝန်ထမ်းတွေကို ဖမ်းထားတာ မသိရှိသေးဘူးလို့ အေအေပြောရေးဆို ခွင့်ရှိသူ ခိုင်သုခက ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ သေဆုံးမှု ၁၀၀ ကျော်ရှိလာနေပြီး ဒဏ်ရာရရှိသူ ၂၆၀ ကျော်အထိ ရှိလာနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013