
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အသားနဲ့ ငါးဈေးနှုန်းတွေ ခေါင်ခိုက်အောင် မြင့်တက်နေတာကြောင့် အခြေခံလူတန်းစားတွေ မစားနိုင်တဲ့အထိ ဖြစ်နေကြတယ်လို့ စစ်တွေမြို့ခံတွေနဲ့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။
စစ်တွေမြို့ရဲ့ ကုန်းလမ်း၊ ရေလမ်းတို့ကို စစ်အာဏာရှင်တပ်က ၂၀၂၃ ခုနှစ်ကတည်းက ပိတ်ဆို့ထားတာဖြစ်ပြီး ပင်လယ်ပြင်မှာ ငါးရှာခွင့်ပိတ်ပင်ထားသလို၊ ရခိုင်ကျေးရွာတွေကိုလည်း ရွာကနေ နှင်ထုတ်ခံထားရတဲ့အတွက် အသားနဲ့ ငါး ရှားပါးပြတ်လပ်နေတာလို့ စစ်တွေမြို့ခံတွေကပြောပါတယ်။
စစ်တွေမြို့မှာ လက်ရှိမှာ အမဲသား တပိဿာကို ၁၁၀,၀၀၀ ကျပ်၊ ဝက်သားတပိဿာကို ၈၀,၀၀၀ ကျပ်နဲ့ ကြက်သား တပိဿာကို ၁၅၀,၀၀၀ ကျပ်အထိရှိနေသလို ပင်လယ်ငါးဆိုရင်လည်း တပိဿာကို ၁ သိန်းကနေ ၃ သိန်းအထိ ပေါက်ဈေးရှိနေပြီး ကြက်ဥ တလုံး ၂,၀၀၀ ကျပ်အထိ ရှိနေတယ်လို့ ဆိုကြပါတယ်။
စစ်တွေမြို့ခံ အမျိုးသားတယောက်က “စစ်တွေမှာ အသားနဲ့ ငါးဈေးကွက်က အခြေခံလူတန်းစားတွေ မစားနိုင်တဲ့ ဈေးဖြစ်နေပြီ။ အသားဆိုရင် တပိဿာကို အနည်းဆုံး ၁ သိန်းဝန်းကျင်ပဲ။ ၂ သောင်းဖိုး၊ ၃ သောင်းဖိုးလောက်နဲ့ မိသားစုတခု မစားရဘူး။ ငါးဆိုရင်လည်း ဈေးတွေက မတို့နိုင်ဘူး။ ငါးသေးတွေ နှစ်ဆယ်သားလောက်တောင် ၃၀,၀၀၀ လောက်ရှိတာ။ အလုပ်ကမရှိ ဝင်ငွေကမကောင်းတော့ သာမန် လူတန်းစားတွေအတွက် အသားဟင်းတနပ်၊ ငါးဟင်းတနပ်စားရဖို့ ဆိုတာမလွယ်ဘူး” လို့ ပြောပါတယ်။
ငွေကြေးတတ်နိုင်သူတချို့ကတော့ လေကြောင်းကတဆင့် ရန်ကုန်ဘက်ကနေ အသားတွေကို မှာယူစားသောက်နိုင်ကြပေမဲ့ အခြေခံလူတန်းစားတွေကတော့ ဈေးကြီးမှာရောင်းတဲ့ အသား၊ ငါးတွေကိုပဲ ဈေးကြီးပေး စားနေကြရတာဖြစ်ပါတယ်။
စစ်တွေမှာ ၂၀၂၃ ခုနှစ်ကတည်းက ရေကြောင်းသွားလာခွင့်နဲ့ ကမ်းနီးငါးဖမ်းခွင့်ကို စိစစ်ပြီး နည်းနည်း ခွင့်ပြုထားတာမျိုးရှိခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်ကတည်းက ကမ်းနီးငါးဖမ်းခွင့်ကိုပါ လုံးဝပိတ်ပင်လိုက်တာလို့ စစ်တွေမြို့ခံတွေဆီက သိရပါတယ်။
စစ်တွေမြို့ပေါ်မှာ စစ်ဘေးရှောင်နေကြသူ ၁ သောင်းနီးပါးရှိတယ်လို့သိရပြီး အဲဒီ စစ်ဘေးရှောင်တွေဟာလည်း နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့တဲ့ အခြေခံစားနပ်ရိက္ခာ ထောက်ပံ့မှုနဲ့ မလုံလောက်ကြသလို ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်တာကြောင့် စားဝတ်နေရေးခက်ခဲနေတယ်လို့ စစ်ဘေးရှောင် အမျိုးသားတယောက်က ပြောပါတယ်။
“စစ်ဘေးရှောင်တွေကိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေက လစဉ် ကူညီထောက်ပံ့ပေးတာတွေတော့ ရှိတယ်။ ဒါပေမဲ့လည်း စစ်တွေရဲ့ကုန်ဈေးနှုန်းက အရမ်းကြီးတော့ မလုံလောက်ဘူးလေ။ အလုပ်အကိုင် အခွင့်အလမ်းလည်း မရှိဘူး။ စစ်ပွဲဖြစ်ကတည်း စစ်တွေမှာက ဘာအလုပ်မှ မရှိသလိုပဲ။ အလုပ်အကိုင်က နည်းနည်း လူကများများဆိုတော့ မကိုက်ဘူး။ စစ်ရှောင်တွေဆိုရင် စားဝတ်နေရေး အရမ်းကျပ်တည်းမှု ရှိကြတယ်” လို့ပြောပါတယ်။
စစ်တွေမြို့နယ်က ရခိုင်ကျေးရွာတွေအားလုံးကို စစ်အာဏာရှင်တပ်က ၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက ကျေးရွာတွေက နှင်ထုတ်ထားတာကြောင့် သောင်နဲ့ချီတဲ့ လူတွေဟာ စစ်တွေမြို့ပေါ်မှာ စစ်ဘေးတိမ်းရှောင်နေကြရသလို သိန်းနဲ့ချီတဲ့ လူတွေဟာလည်း အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ပေါ်ဆန်းမွှေး ဆန်တအိတ်ကို ၃ သိန်းခွဲ၊ ကြက်သွန်နီ တပိဿာ ၄၅,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တပိဿာ ၅၀,၀၀၀ ကျပ်၊ ငရုတ်သီးခြောက် တပိဿာ ၄၅,၀၀၀ ကျပ်၊ ငရုတ်သီးစိမ်းတပိဿာ အနည်းဆုံး ၂ သိန်းကျပ်၊ ထင်း ၅ ချောင်းပါ တစည်းကို ၄,၀၀၀ ကျပ်အထိ ဖြစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်တွေမြို့ကို စစ်အာဏာရှင်တပ်က သူတို့ရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ တပ်ဖွဲ့ဝင်တွေ စားနပ်ရိက္ခာ လိုအပ်မှ တလတစ်ကြိမ်၊ နှစ်လတကြိမ် ရိက္ခာလာပို့ရှိပြီး ကုန်သင်္ဘောရောက်တဲ့ တပတ်လောက်မှာတော့ ကုန်ဈေးနှုန်းတွေ နည်းနည်းကျလေ့ရှိတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။










