
သီရိလင်္ကာရဲချုပ်ဟောင်း ပူဂျစ်သ်ဂျာယာဆွန်ဒရာနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိဟောင်း ဟယ်မာစီရီဖာနန်ဒိုတို့ကို ၂၀၁၉ ခုနှစ်က လူပေါင်း ၂၇၉ ယောက် သေဆုံးခဲ့ရတဲ့ အီစတာဗုံး ခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဇူလိုင် ၃၁ ရက်မှာ သေဒဏ် စီရင်လိုက်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
ထောက်လှမ်းရေး သတိပေးချက် ကြိုတင်ရရှိထားပါလျက်နဲ့ တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့တာ၊ တာဝန်ပျက်ကွက်မှု၊ လူသတ်မှုနဲ့ လူသတ်ရန်ကြံစည်မှုအပါအဝင် ပြစ်မှုပုဒ်မပေါင်းများစွာနဲ့ အပြစ်ရှိကြောင်း အထူးတရားရုံးက စီရင်ချက်ချခဲ့တာလို့ အာဒါဒယ်ရာနာသတင်းဌာနက ဖော်ပြ ပါတယ်။
သီရိလင်္ကာမှာ သေဒဏ်ပေးပိုင်ခွင့် ဥပဒေရှိပေမဲ့ လက်တွေ့မှာတော့ သေဒဏ်မပေးဘဲ ကွပ်မျက်မှု တွေကို ဆိုင်းငံ့ထားလေ့ရှိတာကြောင့် သေဒဏ်ကျသူတွေကို ပုံမှန်အားဖြင့် ထောင်ဒဏ် တသက်တကျွန်း ပြောင်းလဲ ပြစ်ဒဏ်ခတ်လေ့ ရှိပါတယ်။
ဒီအရာရှိဟောင်း ၂ ယောက်ဟာ ၂၀၂၂ ခုနှစ်တုန်းက တရားလွှတ်တော် တရားသူကြီး ၃ ယောက် အဖွဲ့ရဲ့ တရားစီရင်မှုမှာတော့ ဒီပြစ်မှုတွေကနေ လွတ်မြောက်ခဲ့ကြတာပါ။
ဒါပေမဲ့ တရားလွှတ်တော်ချုပ်က အမှုကို ပြန်လည်စစ်ဆေးဖို့ အမိန့်ပေးခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လမှာ တရားရင်ဆိုင်မှု အသစ်ပြန်စခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ဧပြီ ၂၁ ရက်က ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ ဘုရားကျောင်း ၃ ကျောင်းနဲ့ ဟိုတယ် ၃ ခုကို ပစ်မှတ်ထားခဲ့တာပါ။
သီရိလင်္ကာရဲ့ မကြာသေးမီ သမိုင်းမှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ဒီဗုံးခွဲမှုကြောင့် ခရစ်ယာန် လူနည်းစုဝင် အများစု အပါအဝင် လူအယောက် ၅၀၀ နီးပါးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
Source:Reuters










