DVB Logo
Home
မြန်မာသတင်း
ကရင်တိုင်းရင်းသားများ ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန် အတိုင်ပင်ခံပုဂ္ဂိုလ် ဆုတောင်း
DVB
·
December 26, 2019
ကရင်တိုင်းရင်းသားများ ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန် အတိုင်ပင်ခံပုဂ္ဂိုလ် ဆုတောင်း
1 / 8
Donate to DVB

ကရင်တိုင်းရင်းသားတွေအားလုံး ဆက်လက်ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ဆန်ရေစပါး ဥစ္စာဓန ပေါကြွယ်ဝကြစေဖို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆုတောင်းလိုက်ပါတယ်။ 

ဒီကနေ့ ကျရောက်တဲ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့တွေကို ကရင်ပြည်နယ် အပါအဝင်  မြန်မာနိုင်ငံအနှံ့မှာ ကျင်းပရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ ဆုတောင်းလိုက်တာပါ။

ကရင်တိုင်းရင်းသားတွေဟာ ဘိုးဘွားဘီဘင်တွေရဲ့ ကောင်းမြတ်တဲ့ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်းနဲ့ သမိုင်းအမွေအနှစ်တွေကို လက်ဆင့်ကမ်းအမွေများအဖြစ် နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြကာ ရိုးသားခြင်း၊ ကြိုးစားခြင်း၊ သစ္စာရှိခြင်း၊ သန္နိဋ္ဌာန်နဲ့ တိကျပြတ်သားစွာ လုပ်ကိုင်တတ်ခြင်းဆိုတဲ့ ကောင်းခြင်း လက္ခဏာ အရည်အသွေးတွေနဲ့ ပြည့်စုံတဲ့ တိုင်းရင်းသားတွေဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ 

မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုး ဒဏ်ရာဒဏ်ချက်တွေကို ဆယ်စုနှစ်ပေါင်းများစွာ ပြင်းထန်စွာခံစားခဲ့ကြရလို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မဖြစ်မနေရယူဖို့ လိုအပ်ကြောင်း တခြား ပြည်သူ၊ ပြည်သားတွလိုပဲ ကရင်တိုင်းရင်းသားတွေကလည်း ဘဝဖြတ်သန်းမှုနဲ့ရင်းပြီး သိမြင်နားလည်ကြပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသို့သွားရာလမ်းမှာ ကရင်တိုင်းရင်းသားတွေဟာ ပြည်ထောင်စုတည်ထောင်ဖက်တွေအဖြစ်  အေးအတူ၊ ပူအမျှ အတူတကွ လျှောက်လှမ်းနေသလို အခက်အခဲစိန်ခေါ်မှုတွေကို ခေါင်းချင်းဆိုင်၊ အမြင်ချင်းဖလှယ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအလွန်သို့ မျှော်မှန်းကာ ခိုင်မာတဲ့လမ်းကြောင်းတခု ပေါ်ပေါက်လာဖို့အတွက်လည်း နိုင်ငံတော်အစိုးရနဲ့အတူ ကြိုးပမ်းဆောင်ရွက်နေတာဟာ အားတက်ဝမ်းမြောက်ဖွယ် ဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ပြာသိုလဆန်း ၁ ရက်နေ့ဟာ ကရင်တိုင်းရင်းသားတွေ  အလေးအမြတ် ဂုဏ်ယူတန်ဖိုးထားတဲ့ ကရင်အမျိုးသားနှစ်သစ်ကူး မင်္ဂလာနေ့ထူးနေ့မြတ်တဲ့အလျောက် ကောက်သစ်ပေါ်ချိန်မှာ  ကောက်သစ်စားပွဲတွေနဲ့အတူ နှစ်သစ်ကူးပွဲကို ပြည်တွင်း ပြည်ပရှိ ကရင်လူမျိုးတွေ နေထိုင်ရာဒေသတွေမှာ ကျင်းပပါတယ်။

အခု ၂၇၅၉ ခုနှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲဖွင့်ပွဲကို ကရင်ပြည်နယ်မြို့တော် ဘားအံနဲ့အပြင် ရန်ကုန်မြို့မှာလည်း ကျင်းပခဲ့ပြီး ကရင်တိုင်းရင်းရိုးရာအရောင်းဆိုင်တွေ အသုံးအဆောင်ပြခန်းတွေ ပြသထားကာ ကရင်ဒုံးယိမ်းအကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013