
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဧပြီ ၁၇ ရက် ဒီကနေ့ကျရောက်တဲ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်သားအားလုံး အချုပ်ထောင်တွေက ပြန်လည်လွတ်မြောက်ဖို့ ငါးအကောင်ရေ ၆,၀၀၀ လွှတ်ပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ခင်ဦးဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါငါးလွှတ်ပွဲကို ခင်ဦးမြို့နယ်အတွင်းက ဒေသခံ ပြည်သူတွေနဲ့ NLD ပါတီဝင်များ၊ ဒေသတွင်း ပရဟိတအဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။
ခင်ဦးမြို့နယ် ဒေသခံ မနှင်းဆီက “ငါးအကောင်ရေ ၆,၀၀၀ ကျော်လွှတ်ပြီး အမေစု အပါအဝင် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများ လွတ်မြောက်ပါစေလို့ ဆုတောင်း ငါးလွှတ်ပွဲ ပြုလုပ်ခဲ့ကြတာရှင့်။ ကျမတို့ ဗုဒ္ဓဘာသာအယူဝါဒအရ နှစ်စဉ်ကျရောက်တဲ့ နှစ်ဆန်း ၁ ရက်နေ့ဆိုရင် အခုလို ငါးလွှတ်ပွဲပြုလုပ်ပြီး ဆုတောင်းတာတွေ ပြုလုပ်ကြတယ်။ အခုလည်း အမေစုနဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများ အားလုံးအတွက် ဆုတောင်းပွဲ ပြုလုပ်ခဲ့တာ” လို့ ပြောပါတယ်။
အခု ငါးလွှတ်ဆုတောင်းလာသူတွေဟာ “Free Daw Aung San Su Kyi၊ အမေစုနဲ့ နိုင်ငံရးအကျဉ်းသူ/သား အားလုံး အမြန်ဆုံးပြန်လွှတ်ပေး ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ လမ်လျှောက်ဆန္ဒပြ တောင်းဆိုပြီး ငါးလွှတ်ပွဲ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ခင်ဦးမြို့နယ် NLD ပါတီဝင်တယောက်က “ဒီဆုတောင်းပွဲမှာ ကျနော်တို့ ယုံကြည်သူတွေ စုပေါင်းပြီး ပြုလုပ်ကြတာပါ။ ငါးအကောင်ရေ ၆,၀၀၀ ကျော်တယ်ဗျ။ လွှတ်တာက ကျနော်တို့ မူးမြစ်အတွင်းက တနေရာမှာ လွှတ်ခဲ့တာပါ။ နောက်ဆုံးအနေနဲ့ အမေစု ကျန်းမာစွာ အမြန်ဆုံး ပြန်လွတ်ပါစေလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကျေးရွာအများစုက ပြည်သူတွေ မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလာမှာ ဥပုသ်သီလ ဆောက်တည်ခြင်း မပြုရဘဲ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသူများလည်း ရှိနေပါတယ်။










