
လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးတွေက မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပြီး အကြမ်းဖက်မှုရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး တောင်းဆို တိုက်တွန်းလိုက်ပါတယ်။
ဇွန် ၁၉ ရက် ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နဲ့အညီ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖော်ဆောင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးက လူမှုကွန်ရက်မှာ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မိသားစုဝင်တွေနဲ့ ဥပဒေအကြံပေးအဖွဲ့တွေကို လွတ်လပ်စွာ တွေ့ဆုံခွင့်နဲ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိသင့်တယ်လို့ ထုတ်ပြန်ပါတယ်။
တချိန်တည်းမှာပဲ ကနေဒါအစိုးရနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရေးနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးကို တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အတွက် ဂုဏ်ပြုပို့စ်တခု ထုတ်ပြန်ခဲ့ပြီး မြန်မာဂဏန်း “၈၁” ပုံသဏ္ဌာန်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို အနုပညာမြောက်စွာ ထည့်သွင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်တဲ့ အနေနဲ့ သူတို့ရဲ့ ဖေ့စ်ဘွခ် လူမှုကွန်ရက်ကနေ နှင်းဆီနီပန်းပွင့်ပုံကို ဒီကနေ့ မနက်ပိုင်းမှာ တင်ခဲ့တာကို တွေ့ရပါတယ်။
နိုင်ငံတကာသံရုံးတွေရဲ့ မွေးနေ့ဂုဏ်ပြုပို့စ်အောက်မှာ မြန်မာပြည်သူအများအပြားက ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုမွန်ကောင်းတွေ၊ အမြန်ဆုံးလွတ်မြောက်ရေးနဲ့ ကျန်းမာသက်ရှည်ရေးအတွက် ဆုတောင်းစကားတွေ ရေးသား ဖော်ပြနေကြပါတယ်။










