DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံပါ ကျပ် ၁၀၀၀ တန်  ငွေစက္ကူများ လွတ်လပ်ရေးနေ့စတင်ထုတ်ဝေမည်
DVB
·
December 21, 2019
Donate to DVB

မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုပ်ပုံနဲ့ မြန်မာကျပ်ငွေ ၁၀၀၀ တန် အပြာရောင် ငွေစက္ကူတွေကို လာမယ့် ဇန်နဝါရီ ၄ ရက်မှာ  စတင်ထုတ်ဝေမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ ၂၀ ရက်မှာ ကြေညာပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၁၀၀၀ ကျပ်တန်ငွေစက္ကူဟာ အရွယ်အစား အလျား ၁၅၀ မီလီမီတာ အနံ ၇၀ မီလီမီတာရှိပြီး ငွေစက္ကူရဲ့အပေါ်ဘက်မှာ "မြန်မာနိုင်ငံတော်ဗဟိုဘဏ်" စာတန်း ရိုက်နှိပ်ထားပါတယ်။

ငွေစက္ကူရဲ့ မျက်နှာစာဘက်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို ရိုက်နှိပ်ထားပြီး ငွေစက္ကူရဲ့ လက်ယာဘက်မှာ ငွေစက္ကူတန်ဖိုးကို မြန်မာစာသားနဲ့ "တစ်ထောင်ကျပ်" လို့ ဖော်ပြထားတယ်။ ထောင့်သုံးထောင့်မှာလည်း ငွေစက္ကူရဲ့တန်ဖိုးကို ဂဏန်းတွေနဲ့  ရိုက်နှိပ်ထားပါတယ်။

ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းနဲ့ အလျားလိုက်၊ အင်္ဂလိပ် အက္ခရာ အင်္ဂလိပ်ဂဏန်းနဲ့ ဒေါင်လိုက်ရိုက်နှိပ်ထားသလို ငွေစက္ကူရဲ့လက်ဝဲဘက်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ရေစာပါရှိပါတယ်။  ငွေစက္ကူရဲ့ လုံခြုံရေးကြိုးကို ဒေါင်လိုက် မြှုပ်နှံထည့်သွင်းထားပြီး ဘယ်ညာအစွန်းတွေမှာ ဖောင်းကြွလိုင်းတိုတွေ ရိုက်နှိပ်ထားပါတယ်။

ငွေစက္ကူရဲ့ ကျောဘက်မှာတော့ လွှတ်တော်အဆောက်အဦပုံ ရိုက်နှိပ်ထားပြီး အပေါ်ပိုင်းမှာ " CENTRAL BANK OF MYANMAR" စာတန်း အောက်ပိုင်းမှာ "ONE THOUSAND KYATS" လို့ စာတန်းရိုက်နှိပ်ထားပါတယ်။  ထောင့်သုံးထောင့်မှာလည်း ငွေစက္ကူရဲ့ တန်ဖိုးတွေကို ဂဏန်းနဲ့ ရိုက်နှိပ်ထားပါတယ်။

ခုလို ငွေစက္ကူအသစ် ထုတ်ဝေလိုက်ပေမယ့် လက်ရှိသုံးစွဲနေတဲ့ ခြင်္သေ့ရုပ်ပုံပါ အစိမ်းရောင်  ၁၀၀၀ ကျပ်တန် ငွေစက္ကူတွေလည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်နေမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ငွေစက္ကူတွေမှာ ရိုက်နှိပ်ထုတ်ဝေဖို့ အစိုးရအား တိုက်တွန်းတဲ့အဆိုကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က လွှတ်တော်မှာ တင်သွင်း ဆွေးနွေးအတည်ပြုခဲ့ပါတယ်။

အဲ့ဒီနောက် အစိုးရရဲ့ ဒုတိယ တနှစ်တာသတင်းစာရှင်းလင်းပွဲမှာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူတွေကို အခုအစိုးရသက်တမ်းအတွင်း ထုတ်ဝေသွားမယ့်အကြောင်းနဲ့ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူထုတ်တာကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်မှုမရှိနိုင်ဘဲ နှစ်လမ်း နှစ်မျိုးနဲ့ ထုတ်ဝေသွားမယ်လို့ ပြောခဲ့ဖူးပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ စံချိန်မီ တကျပ်သား ရွှေဒင်္ဂါးတွေကိုလည်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေရောင်းချနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013