
ပါကစ္စတန်အရှေ့ပိုင်း၊ ပန်ဂျပ်ပြည်နယ်၊ လာဟိုးမြို့မှာ ဇွန် ၃၀ ရက်က ပုဂ္ဂလိကကျူရှင် သင်တန်း ကျောင်းတခု ခေါင်မိုးပြိုကျလို့ ကလေး ၁၄ ယောက် သေဆုံးသွားတယ်လို့ ကယ်ဆယ်ရေး အရာရှိ တွေက ပြောကြားခဲ့ပြီး ဒါနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက ပေါ့ဆမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေကြပါတယ်။
ပန်ဂျပ်ပြည်နယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရဲ့ အဆိုအရ ကယ်ဆယ်ရေးသမားတွေဟာ အဲဒီ ပုဂ္ဂလိက ကျူရှင်ကျောင်းရဲ့ အပျက်အစီးတွေအောက်ကနေ ကလေးတွေနဲ့အတူ အသက် ၃၀ အရွယ် ဆရာမ တယောက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
သေဆုံးသွားတဲ့ ကလေးတွေဟာ အသက် ၅ နှစ်ကနေ ၁၆ နှစ်ကြားအရွယ်တွေ ဖြစ်ပြီး အများစု ကတော့ ၉ နှစ်အောက်ကလေးတွေ ဖြစ်ကြပါတယ်။
ကနဦး အစီရင်ခံစာတွေအရ အဲဒီကျူရှင်ကျောင်းဟာ မှတ်ပုံတင်ထားခြင်းမရှိဘဲ ယိုယွင်းပျက်စီး နေတဲ့ ခေါင်မိုးရှိတဲ့ ပုဂ္ဂလိကပိုင် လူနေအိမ်တလုံးထဲမှာ ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ပန်ဂျပ်ပြည်နယ် ပြန်ကြားရေးဝန်ကြီး အက်ဇ်မာ ဘိုခါရီက ပြောပါတယ်။
ပါကစ္စတန်နိုင်ငံတဝန်းမှာ ကလေးတွေဟာ ပုံမှန်ကျောင်းချိန်ပြင်ပမှာ အပိုသင်ခန်းစာတွေ တက်ရောက်ဖို့ အခုလို ကျူရှင်ကျောင်းတွေကို သွားလေ့ရှိကြပါတယ်။
ပြန်ကြားရေးဝန်ကြီး ဘိုခါရီက “တကယ်လို့ ပေါ့လျော့မှု၊ လျစ်လျူရှုမှု ဒါမှမဟုတ် ဥပဒေချိုးဖောက်မှု တစုံတရာ ရှိခဲ့ရင် တာဝန်ရှိသူတွေအနေနဲ့ ပြင်းထန်တဲ့ ဥပဒေကြောင်းအရ အရေးယူမှုကို ရင်ဆိုင်ရမှာပါ” လို့ ထုတ်ပြန်ပြောပါတယ်။
ဒါ့အပြင် မုတ်သုံရာသီမတိုင်ခင် မလုံခြုံတဲ့ အဆောက်အအုံတွေကို ကွင်းဆင်းစစ်ဆေးဖို့နဲ့ မှတ်ပုံတင် မထားတဲ့ ကျူရှင်ကျောင်းတွေ၊ ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းတွေအတွက် ပိုတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဖို့ ပန်ဂျပ်အာဏာပိုင်တွေကို ညွှန်ကြားထားတယ် လို့လည်း ဘိုခါရီက ပြောပါတယ်။
သမ္မတ အာဆစ်ဖ် အလီဇာဒါရီကလည်း အခုလို သေဆုံးမှုတွေအပေါ် ဝမ်းနည်းပူဆွေးရကြောင်း ဖော်ပြခဲ့ပြီး ဒီလိုမျိုး ကြေကွဲစရာဖြစ်ရပ်တွေ ထပ်မဖြစ်အောင် ထိရောက်တဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအစီအမံတွေ လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။
Source: Reuters










