DVB Logo
Home
မြန်မာသတင်း
ရန်ကုန် လေထုညစ်ညမ်းမှု အခြေအနေ ဆိုးရွားသည့် အနီရောင်အဆင့် ရောက်ရှိ
DVB
·
December 17, 2019
ရန်ကုန် လေထုညစ်ညမ်းမှု အခြေအနေ ဆိုးရွားသည့် အနီရောင်အဆင့် ရောက်ရှိ
Donate to DVB

ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေအနေဟာ ကျန်းမာရေး ထိခိုက်ဆိုးရွားစေတဲ့အဆင့်ကို ရောက်နေပြီလို့ လေထုအရည်အသွေးကို နေ့စဉ် တိုင်းတာနေတဲ့ အဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၇ ဒီနေ့မနက် ၈ နာရီအချိန်က ရန်ကုန်ရဲ့ လေထုရဲ့ အရည်အသွေး သတ်မှတ်ချက်ဟာ အနီရောင်အဆင့် ၁၅၉ ဖြစ်နေတယ်လို့ Air Quality Yangon (AQI) က ထုတ်ပြန်ထားတာပါ။ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းကတော့ အညွှန်းကိန်းဟာ ၁၇၇ အထိ ဖြစ်ခဲ့ပါတယ်။

လူငယ် ၁၀ ယောက်ပါတဲ့ အဲဒီအဖွဲ့ဟာ ရန်ကုန်ရဲ့ လေထုကို နေ့စဉ် တိုင်းတာနေပြီး မနက် ၈ နာရီနဲ့ ညနေ ၅ နာရီတို့မှာ ပုံမှန်ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။

လေထုတိုင်းထွာရေးအဖွဲ့ဝင်တယောက် ဖြစ်တဲ့ မသဲစုစုထွန်းက “အဓိကကတော့ လေမှာပါတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမှုန်ပါဝင်နှုန်းကို အဓိထား တိုင်းတာပါတယ်။ အဲဒီအမှုန်တွေက ဆံချည်မျှင်ထက် ၂၅ ပုံ တပုံပဲ ရှိတော့ ဂရုမထားမိဘဲ ရှူရှိုက်ကြတယ်။ ကာဗွန်မိုနောက်ဆိုင်ပါဝင်နှုန်း၊ နောက်ပြီးတော့ မြေပြင်မှာဖြစ်နေတဲ့ လူတွေနဲ့ အနီးဆုံးဖြစ်တဲ့ အိုဇုန်းကိုလည်း တိုင်းပါတယ်” လို့ ပြောပါတယ်။

သူတို့ဟာ အလုံ၊ သန်လျင်၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ စတဲ့မြို့နယ်တို့မှာ လေထုအရည်အသွေး တိုင်းတာစက် ၁၀ လုံးကို တပ်ဆင်ထားပြီး အဲဒီစက်တွေကရတဲ့ အချက်အလက်တွေကို ပျှမ်းမျှ တွက်ချက် ဖော်ပြပေးနေတာပါ။

ဒီအချက်အလက်တွေကို သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ နေ့တိုင်း တင်ပေးနေသလို အချိန်နဲ့အမျှ ပြောင်းနေတာကို သိနိုင်ဖို့အတွက်လည်း https://www.cleanairmm.com/ ဝက်ဘ်ဆိုက်မှာ ချိတ်ဆက်ဖော်ပြပေးနေပါတယ်။

လေထုအရည်အသွေးဟာ အဆင့်သတ်မှတ်ချက် အနီရောင်အဆင့်ကတော့ ၁၅၁ ကနေ ၂၀၀ အထိဖြစ်ပြီး လူတိုင်းကျန်းမာရေးကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။

သုညကနေ ၅၀ အထိမှာ အကောင်းဆုံးဖြစ်ပြီး ၅၁ ကနေ ၁၀၀ အထိကတော့ သင့်တော်တဲ့အဆင့် ဖြစ်ပါတယ်။

အဆင့် ၁၀၁ ကနေ ၁၅၀ အထိကိုတော့ ခံနိုင်ရည်နည်းသူတွေအတွက် ထိခိုက်စေတဲ့ အဆင့်လို့ သတ်မှတ်ပြီး ယေဘုယျကတော့ ကျန်းမာရေး မထိခိုက်ဘူးလို့ ဆိုနိုင်ပါတယ်။

မသဲစုစုထွန်းက “လေထုအခြေအနေက မနက်ပိုင်း ၈ နာရီလောက်မှာ အမှုန်အများဆုံး ပါပါတယ်။ ကားတွေ သွားလာတာများ တဲ့အချိန်ပေါ့။ ၉ နာရီ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ပြန်ကျလာပါတယ်။ ပြီးတော့ ညနေ ၅ နာရီဆိုရင်လည်း ကားတွေသွားတာ ပြန်များလာတော့ AQI (Air Quality Index- လေထုအရည်အသွေး အညွှန်းကိန်း) ပြန်ပြီး တက်လာပါတယ်” လို့ ပြောပါတယ်။

သူတို့အဖွဲ့ကို ၂၀၁၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ရန်ကုန်ရဲ့ လေထုအခြေအနေကို လူတွေ သတိထားမိလာအောင် လှုံ့ဆော်ပေးနေပါတယ်။

အခု ဒီဇင်ဘာလထဲမှာတော့ သူတို့ဟာ Dr. Air Bear ဆိုတဲ့ ဝက်ဝံစက်ရုပ်ကလေးကို သူတို့ရဲ့ လှုပ်ရှားရာနေရာတွေကို ယူဆောင်သွားပြီး ရန်ကုန်လေထုအခြေအနေကို ကိုယ်စားပြု ဖော်ပြပေးနေပါတယ်။

လေထုညစ်ညမ်းမှုနဲ့ ကြုံတွေ့နေရတဲ့ တခြားနိုင်ငံတွေအနေနဲ့ လေထုညစ်ညမ်းတာကို သိရှိ သဘောပေါက်ပြီး အစိုးရတွေ ကိုယ်တိုင်ကလည်း လေထုညစ်ညမ်းတာ လျော့အောင် လုပ်ဆောင်နေကြတာ ရှိပါတယ်။

ရန်ကုန်မှာလည်း လေထုအရည်အသွေး ပိုမိုကောင်းမွန်လာအောင်  အစိုးရ တာဝန်ရှိသူတွေက လုပ်ဆောင်လာဖို့ ဆက်လုပ်သွားမယ်လို့ လေထုအရည်အသွေး တိုင်းတာတဲ့အဖွဲ့က  ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013