
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ်က သတ်ဖြတ် မြေမြှုပ်ထားတဲ့ စစ်ရှောင် ၄ ယောက်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့သလို နေအိမ် ၅၀ လောက်လည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ခံ ဆရာထွေးက “ပြီးခဲ့တဲ့ ၁၃ ရက်နေ့မှာ ပေါက်မြို့နယ်ထဲက ထောက်ရှာပင်ရွာကို မီးရှို့ဖျက်ဆီးပြီး ဆက်ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းက လမ်းမှာတွေ့တဲ့ စစ်ရှောင်ပြည်သူတွေကို ဖမ်းခေါ်လာပြီး အဲဒီထဲက ၄ ယောက်ကို သတ်ဖြတ်မြေမြှုပ်ပြီး အလောင်းဖျောက်ခဲ့ကြတယ်။ ကန်နက်နဲ့ လက်ခုပ်ပင်ရွာတွေက ပြည်သူတွေရဲ့ နေအိမ်တွေကို ၁၃ ရက်နေ့မှာ မီးရှို့ခဲ့ကြတယ်။ ၁၅ ရက်နေ့မှာလည်း ညောင်းကုန်း၊ ကိုင်းတောမ၊ ထန်ငယ်တောရွာတွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြတယ်။ မီးရှို့ခံရတဲ့ရွာတွေ အားလုံးဆိုရင်တော့ မီးရှို့ခံရတဲ့အိမ်ခြေ ၅၀ လောက်ရှိပြီလို့ ခန့်မှန်းတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
စစ်တပ်စစ်ကြောင်းကနေ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ ကန်နက်၊ မြင်ကိုးသစ်၊ ကိုင်းတောမကျေးရွာတွေက အသက် ၅၀ ကျော်နဲ့ ၆၀ ကျော်အရွယ် စစ်ရှောင် အမျိုးသားတွေဖြစ်ပြီး ဇူလိုင် ၁၅ ရက်မှာ နယ်မြေရှင်းလင်းရေးလုပ်ရင်း တူးဖော်တွေ့ရှိခဲ့တာလို့လည်း ဆိုပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ကလည်း သူတို့ တပ်စွဲနေထိုင်ခဲ့ကြတဲ့ ပေါက်မြို့နယ်ထဲက ထောက်ရှာပင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြတဲ့အတွက်လည်း နေအိမ် ၅၀ နီးပါး ဆုံးရှုံးခဲ့ပါတယ်။
မြိုင်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ထောက်လှမ်းရေးမှူးက “အင်အား ၆၀၀ လောက်ပါတဲ့ အဲဒီစစ်ကြောင်း မြိုင်နယ်ထဲ ဝင်လာကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်တာတွေနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာပါ။ တိုက်ပွဲဖြစ်တာမရှိဘူး ဆိုပေမဲ့ သူတို့ရဲ့အခြေအနေတွေကိုတော့ စောင့်ကြည့်နေရတာတွေ ရှိတာပေါ့” လို့ ပြောပါတယ်။
လူသတ်၊ အလောင်းဖျောက်၊ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ကြတဲ့ အဆိုပါ စစ်တပ်စစ်ကြောင်းဟာ ဇူလိုင် ၁၅ ရက် ညနေပိုင်းမှာ ဝါးရင်းချိုင်ကျေးရွာနဲ့ အိုင်းမကျေးရွာတွေမှာ ဝင်ရောက် တပ်စွဲနေကြပြီး သူတို့နဲ့အတူပါလာတဲ့ ရိက္ခာတင်ကားတွေကတော့ မြိုင်မြို့ရဲ့ အနောက်တောင်ဘက် ဒေသအခေါ် စက်မှု ၂ လို့ခေါ်တဲ့ တကစ ၃ အတွင်း ဝင်ရောက်သွားကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ မြိုင်မြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အပြင် ဇူလိုင် ၁၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း မြိုင်မြို့နယ် အရှေ့ပိုင်းက ဝါးကန်ကျေးရွာအနီးကို ဂျက်ဖိုက်တာနဲ့ MI 35 ရဟတ်ယာဥ်တွေက လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးတဲ့ အခြေအနေတွေကိုတော့ စုံစမ်းနေဆဲပဲလို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။










