ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေး စုပေါင်းကြိုးပမ်းရန် သမ္မတ တိုက်တွန်း
DVB
·
December 15, 2019

ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိဖို့နဲ့ အနာဂတ်မှာ သာယာလှပ ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်နယ်ဖြစ်လာစေဖို့ စုပေါင်းစွမ်းအား နဲ့ကြိုးပမ်းတည်ဆောက်သွားကြဖို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့မှာ ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့အခမ်းအနား သဝဏ်လွှာမှာ ပြည်နယ်သူ၊ ပြည်နယ်သားတွေကို သမ္မတက တိုက်တွန်းခဲ့တာပါ။
“ရခိုင်ပြည်နယ်ဟာ ခေတ်အဆက်ဆက် မူဝါဒနဲ့စီမံခန့်ခွဲမှု အမှားတွေကြောင့် တခြား တိုင်းနဲ့ ပြည်နယ်တွေနည်းတူ ဖွံ့ဖြိုးမှု နောက်ကျခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့အစိုးရအနေနဲ့ နိုင်ငံတာဝန်ထမ်းရတာနဲ့တပြိုင်နက် ရခိုင်ပြည်နယ်အရေးကို ရေတို၊ ရေရှည် နည်းလမ်းတွေနဲ့ စီမံဆောင်ရွက်နိုင်ဖို့ အထူးကြိုးပမ်းခဲ့ပါတယ်။ ဗုဒ္ဓသာသနာရောင်ဝါ ထွန်းလင်းတောက်ပခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီးလှသလို တည်ငြိမ်းအေးချမ်းမှု ပြန်လည်ရရှိဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်နယ်သူ၊ ပြည်နယ်သားတွေ စုပေါင်းညီညွတ်တဲ့ စွမ်းအားနဲ့ ကြိုးပမ်းတည်ဆောက်သွားကြဖို့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ရခိုင်ပြည်နယ်နေ့အခါသမယမှာ ချစ်ကြည်လေးစားစွာ တိုက်တွန်းနှိုးဆော်ပါတယ်”လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးဖို့၊ ပြန်လည်နေရာချထားဖို့နဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကို ချမှတ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းရာမှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ကညင်ချောင်းစီးပွားရေးဇုန် စီမံကိန်းနဲ့ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သမ္မတရဲ့သဝဏ်လွှာမှာ ရေးသားထားပါတယ်။
အလားတူ ငပလီကမ်းခြေမှာ လုပ်တဲ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲမှာလည်း ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်တွေရဲ့ အမေရိကန်ဒေါ်လာ ၅ ဒသမ၂ တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ ၃၀ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
အခုအစိုးရလက်ထက်မှာပဲ ရန်ကုန်-စစ်တွေ ကားလမ်းမှာ ဒါးလက်ချောင်းတံတား၊ မြေပုံ-မင်းပြားလမ်းမှာ ကြပ်စင်တံတားတို့ကို ဖွင့်လှစ်ပေးနိုင်ခဲ့သလို မင်းဘူး-အမ်း-စစ်တွေ လမ်းက ရာမောင်ကြိုးတံတားကိုလည်း အဆင့်မြင့်တည်ဆောက်နေတဲ့အပြင် ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်မယ့် ဂွချောင်းတံတားကိုပါ တည်ဆောက်နေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုရှိတဲ့အထဲက ၁၆ မြို့နယ်ဟာ နိုင်ငံတော်ဓာတ်အားစနစ်က မီးရရှိသုံးစွဲနိုင်ပြီဖြစ်ပြီး မာန်အောင်ကျွန်းအတွက်လည်း ၂၄ နာရီ မီးရဖို့ ဓာတ်အားပေးစက်ရုံစီမံကိန်းကို ဆောင်ရွက်နေပါတယ်။
အခုအခါမှာတော့ ကမ္ဘာ့ယဉ်ကျေးမှုစာရင်းဝင်ဖို့ မြောက်ဦးမြို့နယ်အတွက် ယူနက်စကိုနဲ့ ပူးပေါင်းပြီး အဆိုပြုစာအပြည့်အစုံကို ၂၀၂ဝ ပြည့်နှစ်ဇန်နဝါရီ ၃၁ ရက်မှာ တင်သွင်းဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုဖို့ ဆန္ဒခံယူပွဲ ကျင်းပခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ ကျရောက်တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်ဟာ ၄၅ကြိမ်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။