DVB Logo
Home
မြန်မာသတင်း
၃ နှစ်ခွဲအတွင်း လျှပ်စစ်ဓာတ်အား ၉၀၄ မဂ္ဂါဝပ် တိုးထုတ်နိုင်ခဲ့ဟု သမ္မတပြော
DVB
·
December 14, 2019
၃ နှစ်ခွဲအတွင်း လျှပ်စစ်ဓာတ်အား ၉၀၄ မဂ္ဂါဝပ် တိုးထုတ်နိုင်ခဲ့ဟု သမ္မတပြော
Donate to DVB

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုဟာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းကနေ ၁၉ ရာခိုင်နှုန်း တိုးတက်သုံးစွဲနေတာကြောင့် လိုအပ်ချက်ပြည့်မီဖို့ ရည်မှန်းဆောင်ရွက်ရာမှာ အခုအစိုးရလက်ထက် ၃ နှစ်ခွဲကာလအတွင်း လျှပ်စစ်ဓာတ်အား ၉၀၄ မဂ္ဂါဝပ် တိုးထုတ်နိုင်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှာလုပ်တဲ့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တနိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်တဲ့ အထိမ်းအမှတ် အခမ်းအနားမှာ ခုလိုပြောခဲ့တာပါ။

“ကျနော်တို့ အစိုးရ တာဝန်ယူဆောင်ရွက်တဲ့အချိန်ကစပြီး လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေအ သုံးစရိတ်များမှာ လျှပ်စစ်ကဏ္ဍအတွက် ဦးစားပေးပြီး ခွဲဝေသတ်မှတ်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၁၆ ခုနှစ် မတ်လမှာ တနိုင်ငံလုံး လျှပ်စစ်သုံးစွဲသူ ၃၄ ရာခိုင်နှုန်းကိုသာ လျှပ်စစ်မီးပေးနိုင်ခဲ့ရာကနေ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တနိုင်ငံလုံး လျှပ်စစ်သုံးစွဲသူ ၅၀ ရာခိုင်နှုန်းအထိ ပေးနိုင်ခဲ့ပါတယ်” လို့လည်း ဆိုပါတယ်။

သုံးစွဲသူတွေရဲ့ လိုအပ်ချက်ဖြည့်နိုင်ဖို့ အခုအစိုးရလက်ထက်မှာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၃ ရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၆ ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၁ ရုံ တည်ဆောက်နိုင်ခဲ့ပြီး ဓာတ်အား ၉၀၄ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ သမ္မတက ဆိုပါတယ်။

အခုလို တိုးချဲ့ဆောက်လုပ်တဲ့ ဓာတ်အားပေးစက်ရုံတွေက ဓာတ်အားကိုလည်း တောရော မြို့ပါမကျန် တောင်တန်း မြေပြန့််မခွဲခြားဘဲ သုံးနိုင်ဖို့ ၂၃၀၊ ၁၃၂၊ ၆၆၊ ၃၃၊ ၁၁ ကေဗွီနဲ့ ၄၀၀ ဗို့ ဓာတ်အားလိုင်းတွေကိုပါ တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့တယ်လို့ သမ္မတက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ လျှပ်စစ်ဓာတ်အားစနစ် မရောက်သေးတဲ့ ဒေသတွေဆီ လျှပ်စစ်ဓာတ်အား ရရှိနိုင်ဖို့ကို ဦးစားပေး ဆောင်ရွက်နေပါတယ်”လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လတ်တလောမှာတော့ ကရင်ပြည်နယ် မြဝတီမြို့၊ ရခိုင်ပြည်နယ် မောင်တောမြို့တွေကို နိုင်ငံတော်ဓာတ်အားစနစ်က ဓာတ်အားပေးနိုင်ခဲ့ပြီးဖြစ်သလို ၂၀၂၀ ပြည့်နှစ်မှာလည်း ကျိုင်းတုံဒေသကို အခုလို ပေးနိုင်ဖို့ ဆောင်ရွက်နေတဲ့အပြင် ထားဝယ်ဒေသကိုလည်း ဓာတ်အားပေးနိုင်ဖို့ စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ် ဧပြီလမှ အခုချိန်အထိ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းငွေကျပ် ၂၃၂၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံဆောင်ရွက်ခဲ့ရာမှာ လျှပ်စစ်ဓာတ်အား ၉၀၀ မဂ္ဂါဝပ်ကျော် ထပ်တိုး ထုတ်လုပ်ပေးနိုင်ခဲ့ပြီ ဖြစ်သလို ၂၀၂ဝ ပြည့် နှစ်လယ်ခန့်မှာ နောက်ထပ် ၁၀၀၀ မဂ္ဂါဝပ်ကျော်ကို ထပ်မံထုတ်လုပ်ပေးသွားဖို့ စီစဉ်နေပါတယ်။

ဓာတ်အားစနစ်မှ တိုးချဲ့ပြီး မြို့ရွာတွေ မီးလင်းရေး ဆောင်ရွက်ပေးခဲ့ရာမှာတော့ အခုအခါ မြို့ပေါင်း ၃၆၈ မြို့နဲ့ ကျေးရွာစုစုပေါင်း ၁၆၉၄၁  ရွာ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိခဲ့ပြီ ဖြစ်တာကြောင့် တနိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ၂၀၂၁-၂၀၂၂ ခုနှစ်မှာ လျှပ်စစ်သုံးစွဲသူ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်မှာ လျှပ်စစ်သုံးစွဲသူ ၇၅ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးရစေဖို့ ဆောင်ရွက်ပေးမှာ ဖြစ်ပြီး  ၂၀၃ဝ ပြည့်နှစ်မှာတော့ နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ဖို့ ရည်မှန်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013