မှတ်ပုံတင်လုပ်ရာတွင် ငွေကြေးတောင်းခံသည့် ကချင်ပြည်နယ် ဝန်ထမ်းများကို အရေးယူနေ
DVB
·
December 13, 2019
ကချင်ပြည်နယ်အတွင်း မှတ်ပုံတင်လုပ်ဆောင်ရာမှာ ငွေကြေးတောင်းခံမှုတွေနဲ့ ပတ်သက်တဲ့ ပြည်သူတွေရဲ့ တိုင်ကြားစာတွေကို စိစစ်ပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။
ဒီလိုငွေကြေးတောင်းခံမှုတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေကို ဝန်ကြီးရဲ့ လူမှုကွန်ရက် အကောင့်ကနေတဆင့် တိုင်ကြားမှုတွေရှိသလို အခြားတိုင်ကြားရတဲ့နေရာတွေကန်တဆင့် တိုင်ကြားမှုတွေ ရှိနေတာလို့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။
ဒါ့အပြင် မြို့နယ် လဝကရုံးကို လာရောက်တဲ့ ပြည်သူတွေ အဆင်ပြေစေဖို့အတွက် ဧည့်ကြိုကောင်တာတွေကို လုပ်ဆောင်ခိုင်းထားပြီး ဝန်ဆောင်မှုပေးဖို့ ညွှန်ကြားထားတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
လက်ရှိမှာတော့ ကချင်ပြည်နယ်ရဲ့ မြို့နယ် ၁၈ မြို့နယ်အတွင်းက ဝေးလံခေါင်သီတဲ့ ဒေသတွေက ပြည်သူတွေအတွက် အောက်တိုဘာကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ၃ လတာ စီမံချက်နဲ့ မှတ်ပုံတင်ရရှိရေး လုပ်ဆောင်ပေးနေပြီး ဒီနေ့အချိန်ထိ မှတ်ပုံတင် ၆၀၀၀ ကျော်ကို လုပ်ဆောင်ပေးခဲ့ပြီးပြီလို့ သိရပါတယ်။
ဟိန်းထက်