
ပလက်ဝမြို့နယ်က အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ကျေးရွာ ၃ ရွာကို စစ်အာဏာရှင်တပ်က ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေး ယာယီရပ်တန့်ထားရတယ်လို့ ကုန်သွယ်တွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်က ပလက်ဝမြို့နယ်က ကုန်သွယ်ရေးလမ်းကြောင်းမှာ အဓိက အချက်အချာ ကျတဲ့ စိမ်းညှင်းဝ၊ ရွှေလိုက်ဝနဲ့ မီးဇာကျေးရွာတို့ကို လေကြောင်းကနေ ၃ ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်ရေးတွေ ယာယီ ရပ်တန့်ထားရတယ်လို့ အိန္ဒိယ နယ်စပ်ကုန်သည် အမျိုးသားတယောက်က ပြောပါတယ်။
“အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ယာယီရပ်တန့်ထားတယ်။ အဓိကတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် ကုန်သွယ်ရေး လမ်းကြောင်း တွေကို ယာယီရပ်တန့်ထားတယ်။ အခြေအနေ တည်ငြိမ်မှု ရှိသွားရင်တော့ ပြန်ဖွင့်မှာပါ။”
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်ကြောင်းရှိ စိမ်းညှင်းဝ၊ ရွှေလိုက်ဝနဲ့ မီးဇာကျေးရွာတို့ကို စစ်အာဏာရှင်တပ်က ဩဂုတ် ၂၄ ရက်ကနေ ၂၆ ရက်အထိ ၃ ရက်ဆက်တိုက် လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေးတွေကို ယာယီ ရပ်တန့်ထား လိုက်ကြတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ လေကြောင်းအန္တရာယ်တွေကြောင့် နယ်စပ်ကုန်သွယ်မှုကို ယာယီရပ်တန့်ထားပေမဲ့လည်း ဩဂုတ်လကုန် သို့မဟုတ် စက်တင်ဘာ လဆန်းပိုင်းမှာ ပြန်လည်စတင်သွားမယ်လို့ ကုန်သည်တွေ ဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရွှေလိုက်ဝကျေးရွာနဲ့ မီးဇာကျေးရွာတွေ ဟာ နယ်စပ်ကုန်သွယ်ရေးမှာ အဓိက အချက်အချာကျတဲ့ ကျေးရွာနှစ်ရွာဖြစ်ပြီးတော့ စစ်အာဏာရှင်တပ်က နယ်စပ်ကုန်သွယ်ရေးကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ နောက်ထပ် နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်။
“ရွှေလိုက်ဝနဲ့ မီးဇာဆိုတာ နယ်စပ်ကုန်သွယ်ရေးမှာ အဓိက အချက်အချာကျတဲ့ ကျေးရွာတွေ ဖြစ်တယ်။ အဲဒီကျေးရွာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ကတည်းက စစ်တပ်က အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကို နှောင့်ယှက်ဖျက်ဆီးချင်လို့ ဗုံးကြဲတိုက်ခိုက်တာ။ လောလောဆယ် တော့ ကုန်သွယ်မှု လမ်းကြောင်းတွေကို လုံခြုံရေးအရ ယာယီပိတ်ထားတယ်။ ရက်ပိုင်းပဲ ပိတ်ထားတာဆိုတော့ ကုန်ဈေးနှုန်းအပေါ် ကြီးကြီးမားမားတော့ သက်ရောက်မှုမရှိနိုင်ဘူး။”
ရခိုင်ပြည်နယ်ဟာ စစ်အာဏာရှင်တပ်က ကုန်သွယ်မှု လမ်းကြောင်းတွေကို ပိတ်ဆို့ ဖြတ်တောက် ထားတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီ ရရှိရေးအတွက် မီဇိုရမ်ပြည်နယ်ကနေ ၂၀၂၄ ခုနှစ်မှာ ကုန်သွယ်မှု ပြုလုပ်နေကြရတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်က ပလက်ဝမြို့နယ်အတွင်းကို ၃ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ၂၃ ယောက် ထိခိုက်ဒဏ်ရာရရှိ ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်က AA ထိန်းချုပ်မြို့နယ်တွေကို ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ်လအတွင်းမှာ နေ့စဉ်ရက်ဆက် ဆိုသလို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှု တွေဟာလည်း တလထက်တလ ဆက်တိုက်မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။











