DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်တွင် တပ်မတော်နှင့်အေအေ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်၊ ဒေသခံများ ထွက်ပြေး
DVB
·
December 8, 2019
ရသေ့တောင်တွင် တပ်မတော်နှင့်အေအေ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်၊ ဒေသခံများ ထွက်ပြေး
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ရေစိုးချောင်းနဲ့ ရေပုတ်ကျေးရွာနားတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ဒီဇင်ဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ  တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ထွက်ပြေးလာပြီး အနီးအနားက ကျေးရွာတရွာမှာ ခိုလှုံရောက်ရှိနေတဲ့ ဒေါ်မသန်းနွယ်က “၆ ရက်နေ့ကလည်း တိုက်ပွဲဖြစ်တယ်။ ၇ ရက်နေ့ကလည်း တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ကြတယ်။ မနေ့ကဆိုရင် ၁၂ နာရီလောက်မှာ တကြိမ်၊ လေယာဉ်ပစ်ခတ်မှု လုပ်တယ်။ ပြီးတော့ ၂ ခွဲလောက်မှာ လေယာဉ်နှစ်စီး ထပ်လာပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို ဗုံးလာကြဲတာ၊ ခေါက်တုံ့ခေါက်ပြန်ပဲ၊ ပြီးတော့ ပစ်ခတ်တာတွေ လုပ်တယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ ရေစိုးချောင်း၊ ရေပုတ်၊ လိုင်ဂွင်နဲ့ကြားနဲ့ ကျောက်တန်း၊ ပြိုင်းခေါင်း စတဲ့ ကျေးရွာတွေ အနီးအနားမှာလို့ သိရပါတယ်။

ရသေ့တောင် တပ်မတော်တပ်ရင်းနဲ့ ရေစိုးချောင်းဗျူးဟာကုန်းကနေ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကို အမြောက်တွေနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

လိုင်ဂွင်ကျေးရွာနေ မောင်ကျော်ဇံက “ကျနော်တို့ လိုင်ဂွင်ကျေးရွာက လူကြီး လူလတ်တွေ အကုန်ထွက်ပြေးနေကြရတယ်။ ပြေးလို့မရတဲ့ အဘိုး အဘွားလောက်ပဲ အိမ်မှာ ကျန်နေခဲ့ကြတယ်။ လေယာဉ်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ပြီးတော့ ၅၃၆၊ ၅၃၇ တို့က လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ အဲဒီမှာ လက်နက်ကြီးတွေက ရွာအပြင်မှာကျတာတွေ ရှိတယ်” လို့ ပြောပါတယ်။

တပ်မတော်ဘက်က တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကို ဒီဇင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်း ၁၂ နာရီ တကြိမ်နဲ့ ၂ နာရီခွဲလောက်မှာ တကြိမ် လေယာဉ်နှစ်စီးနဲ့ ပစ်ခတ်မှုတွေလုပ်သလို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဒီဗွီဘီက မေးမြန်းခဲ့ပေမယ့် ဖုန်းကိုင်ခြင်း မရှိပါဘူး။

ရက္ခိုင့်တပ်တော်အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ “၆ ရက်နေ့မှာ တကြိမ် တိုက်ပွဲဖြစ်တယ်။ ၇ ရက်နေ့မှာ ရေပုတ်ရွာ အရှေ့‌ဘက်တောင်တန်းပေါ်မှာ ဗမာ့စစ်တပ်ရဲ့ တပ်မလက်အောက်ခံ တပ်မ ၂၂ ရဲ့လက်အောက် ခမရ ၂၀၈ နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်တာ ရှိတယ်။ နေ့လယ်ပိုင်း ၁၂ နာရီလောက်မှာတော့ ဗမာစစ်တပ်က ရဟတ်ယာဉ်နှစ်စီးနဲ့ လာပြီးတော့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်တယ်။ အဲဒီမှာ ရော့ကက်တွေနဲ့ပစ်၊ စက်သေနတ်တွေနဲ့ ပစ်တယ်။ အဲလိုမျိုး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တာရှိတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၁၀၀ နီးပါးသေဆုံးခဲ့ရပြီ ၂၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းဇယားအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013