DVB Logo
Home
မြန်မာသတင်း
ဥပဒေများ အပြည့်အစုံမရှိသေးသဖြင့် ရွှေဗဟိုဈေးကွက် အကောင်အထည်ဖော်ရန် ခက်ခဲ
DVB
·
December 8, 2019
ဥပဒေများ အပြည့်အစုံမရှိသေးသဖြင့် ရွှေဗဟိုဈေးကွက် အကောင်အထည်ဖော်ရန် ခက်ခဲ
Donate to DVB

ဥပဒေတွေ အပြည့်အစုံမရှိသေးတဲ့အတွက် ရွှေဗဟိုဈေးကွက် အကောင်အထည်ဖော်ရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ 

နိုင်ငံတကာဈေးကွက်အထိပါ ရည်ရွယ်ပြီး အကောင်အထည်ဖော်နေတဲ့ ရွှေဗဟိုဈေးကွက်ဟာ ဥပဒေတွေ မပြည့်စုံသေးတာကြောင့် အကောင်အထည်ပေါ်လာဖို့ အခက်အခဲတွေ ရှိနေတာပါ။ 

ရွှေကို နိုင်ငံခြားဈေးကွက်အထိ အရောင်းအဝယ်လုပ်နိုင်ဖို့ဆိုရင် ဘဏ်တွေကတဆင့် ထုတ်ရောင်းပေးလို့ ရနိုင်မှသာ ရွှေဗဟိုဈေးကွက်ရဲ့ လုပ်ငန်းတွေက မြန်ဆန်နိုင်မှာ ဖြစ်ပါတယ်။ 

အဲဒီလို ဘဏ်တွေကနေ ရွှေအရောင်းအဝယ်တွေ လုပ်ပေးနိုင်ဖို့အတွက် ဥပဒေတွေက မပြည့်စုံသေးဘူးလို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆိုပါတယ်။

“ဘဏ်မှာ ရွှေဝယ်ပြီးတော့ အပ်ထားမယ်။ SKR ခေါ်တာပေါ့။ Save Keep a Receive ပြန်ပြီး လက်ခံပြန်ပေးမယ်။ အဲဒါနဲ့ တဆင့် ရောင်းတာ ဝယ်တာတို့၊ ပြန်ပေါင်တာတို့ အဲဒီလောက်အထိ လုပ်နိုင်ဖို့အဆင့် ဥပဒေက လုပ်ပေးရပါမယ်။ အဲဒီအဆင့်ကျတော့ ကျနော်တို့ဆီမှာ လုပ်လို့မရပါဘူး။ အဲဒါလည်း အခက်အခဲတခုပေါ့။ ရွှေကို လက်ထဲမှာကိုင်ပြီး ရွှေဗဟိုဈေးကွက်ဆိုတာ အကောင်အထည်ဖော်လို့ရမှာပါ။ ကျနော်တို့လက်ထဲမှာ ရွှေကို လုံလုံခြုံခြုံ များများစားစား မကိုင်ထားနိုင်သရွေ့တော့ လုပ်ရတာ အခက်အခဲရှိပါတယ်။”

ရွှေဗဟိုဈေးကွက်ကနေ နိုင်ငံတကာကို ရွှေအရောင်းအဝယ် လုပ်မယ်ဆိုရင် ရွှေစံချိန်စံညွှန်းကိုလည်း နိုင်ငံတော်က တိတိကျကျ သတ်မှတ်ပေးဖို့ လိုအပ်သေးတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ 

ရွှေဗဟိုဈေးကွက်က အကောင်အထည်ဖော်နေဆဲကာလ ဖြစ်လို့ အောင်မြင်ဖို့ကတော့ ပြောဖို့ ခက်နေသေးတယ်လို့ ရွှေလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးဝင်းမြင့်က ပြောပါတယ်။

“ရွှေဗဟိုဈေးကွက်နဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် ဖော်ဆောင်ဆဲကာလဆိုတော့ ဝေဖန် ပိုင်းခြားဖို့တော့ ခက်ပါသေးတယ်။ ကျနော်တို့နိုင်ငံအနေနဲ့ ရွှေဗဟိုဈေးကွက် ပေါ်ပေါက်လာမယ် ဆိုရင် ကောင်းတဲ့လက္ခဏာလို့ သုံးသပ်လို့ရပါတယ်။”

လက်ရှိမှာ ပြည်တွင်းက ရွှေတွေက ပြည်ပကို တရားမဝင်လမ်းကြောင်းတွေနဲ့ ထွက်နေတာ ဖြစ်လို့ ပြည်ပဝင်ငွေ တရားဝင်ရဖို့ ရွှေဗဟိုဈေးကွက် အကောင်အထည်ပေါ်ဖို့ လိုအပ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။ 

ရွှေဗဟိုဈေးကွက်ကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ၂၀၁၉ ခုနှစ်အကုန်ပိုင်းမှာ အကောင်အထည်ပေါ်ဖို့ ရည်မှန်းထားပေမယ့် လက်ရှိအချိန်အထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။

သင်းသင်းဇော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013