DVB Logo
Home
မြန်မာသတင်း
မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုဟောပြောပွဲ  လွိုင်ကော်တွင် ပြုလုပ်
DVB
·
December 7, 2019
မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုဟောပြောပွဲ  လွိုင်ကော်တွင် ပြုလုပ်
1 / 2
Donate to DVB

ပြည်သူတွေအနေနဲ့ သတင်းမှန်နဲ့ သတင်းမှားတွေ ခွဲခြားတတ်အောင် ရည်ရွယ်ပြီး မီဒီယာနဲ့ သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုဟောပြောပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္တာရဝတီခန်းမမှာ ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့ပါတယ်။ 

ဒီဟောပြောပွဲကို နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (ဘီအန်အိုင်) နဲ့ ကယားပြည်နယ်အခြေစိုက် ကန္တာရဝတီတိုင်း(မ်)က ဦးဆောင်ကျင်းပတာဖြစ်ပြီး သတင်းမီဒီယာမှာ လုပ်ဆောင်နေတဲ့သူတွေ အပါအဝင် လူမှုအဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေနဲ့ ဒေသခံတွေပါ ဝင်တက်ရောက်ခဲ့ပါတယ်။ 

ဒီလိုသတင်းမီဒီယာနဲ့ သတင်းအချက်အလက်ဆိုင်ရာ ဟောပြောပွဲ ကျင်းပရတာဟာ အဓိက လူထုအနေနဲ့ သတင်းမှန်နဲ့ သတင်းမှားတွေ ခွဲခြားတတ်အောင် ရည်ရွယ်လုပ်ဆောင်တာလို့  မြန်မာသတင်းအဖွဲ့ (ဘီအန်အိုင်)ရဲ့ စီမံဒါရိုက်တာ ဒေါ်တင်တင်ညိုက ပြောပါတယ်။ 

“ကျမတို့ကနေပြီးတော့မှ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့မှ သေချာနားလည်စေချင်တာ ရှိတယ်။ အထူးသဖြင့်ကတော့ သတင်းအချက်အလက်တွေကို ရယူတယ်ဆိုတဲ့ ဘယ်လို အရင်းအမြစ်တွေက စိတ်ချရသလဲ၊ ပြီးတဲ့အခါကျရင် သတင်းအမှား၊ သတင်းအတု ဒါတွေကို ဘယ်လိုမျိုး ခွဲခြားစိတ်ဖြာမလဲ၊ အဲဒီကနေတဆင့် ကိုယ်ကိုယ်တိုင်က သတင်းအမှားတွေကို မဖြန့်ဝေမိအောင် ဘယ်လိုမျိုး ဆင်ခြင်မလဲ၊ ဒါတွေကို ကျမတို့ သိစေချင်တယ်။ နောက်တခုကကျတော့လည်း ကျမတို့ တဦး တယောက်ချင်းစီရဲ့ လုံခြုံရေးကအစ ဘယ်လောက်ထိ အရေးကြီးလဲဆိုတာကို သိစေချင်တယ်။ ဒီ့အပြင်ကို ကျမတို့က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပေါ့။ ဒါကို မီဒီယာတွေကလည်း အရမ်းကို ခေတ်စားလာတယ်။ ဒီအပေါ်မှာ လူတဦး တယောက်ချင်းစီရဲ့ ထင်မြင်ယူဆချက်တွေ ပြောဆိုကြတာရှိတော့ အချိန်မရွေး အဖမ်းခံရနိုင်တယ်။ ဒါတွေကိုလည်းပဲ ဆောင်ရန် ရှောင်ရန်လေးတွေကို သိစေချင်တာလည်း ပါပါတယ်။ အဓိက ဝေဖန်ဆန်းစစ်နိုင်တဲ့ အခြေအနေလေးတခုကို တဦး တယောက်ချင်းစီတိုင်းက ရရှိသွားမယ်ဆိုရင်တော့ သတင်းတွေကို အကျိုးရှိရှိနဲ့ အသုံးပြုလာနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ။”

သတင်းတု၊ သတင်းမှားတွေကို လူထုအတွက် ပဋိပက္ခလောက်အထိ အန္တရာယ်ဖြစ်စေတယ်လို့ Digital Media Researcher ကိုသန့်စင်က ပြောပါတယ်။ 

“အင်တာနက်တွေ ဘာတွေ စပေါ်လာတယ်။ ဖုန်းတွေ ဘာတွေ အများကြီး သုံးလာတဲ့အချိန်မှာ လူတွေက ဘယ်ဟာမဆို ယုံတဲ့အချိန်အနေအမျိုးပေါ့။ မီဒီယာနဲ့ သတင်းအချက်အလက်ဆိုင်ရာ အားနည်းနေသေးတဲ့အချိန်မှာ တွေ့သမျှ မြင်သမျှ ယုံတဲ့အခါမှာ သတင်းတုတွေက ရည်ရွယ်ချက်အမျိုးမျိုးအပေါ်မှာ မူတည်ပြီးတော့ ကြိုက်သလို ခြယ်လှယ်လို့ ရခဲ့တယ်ပေါ့။ ဥပမာ မှားယွင်းတဲ့ အချက်အလက်တွေ သုံးပြီးတော့ ပဋိပက္ခတွေဖြစ်တဲ့အထိ ဆိုးဝါးခဲ့တယ်။ အဲဒါကို စစ်ဆေးမှု အားနည်းနေသေးတယ်ဆိုရင်တော့ အန္တရာယ်အများဆုံး အခြေအနေအပေါ့နော်။ ”

လက်ရှိအချိန်မှာတော့ ပြည်သူတွေက လူမှုကွန်ရက်အများဆုံး အသုံးပြုကြပေမယ့် ဒီနောက်ပိုင်းမှာ လူမှုကွန်ရက်တွေက သတင်းအချက်အလက်တွေကို ယုံကြည်မှုတွေ နည်းလာပြီး သတိတွေရှိလာတယ်လို့လည်း ဆိုပါတယ်။ 

မီဒီယာနဲ့ သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု ဟောပြောပွဲကို  (ဘီအန်အိုင်) ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ အခု ကယားပြည်နယ်မှာ ပြုလုပ်ခဲ့ပြီး ဖြစ်ပြီး နောက်နှစ်တွေမှာလည်း အလျဉ်းသင့်သလို ဆက်လက်ပြုလုပ်ဖို့ ရှိတယ်လို့လည်း ဒေါ်တင်တင်ညိုက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013