ယူကရိန်းမြို့တော် ကိယက်ဗ်ရှိ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုအသစ်တွေကို ရင်ဆိုင်နေရချိန်မှာ ဂျာမနီဝန်ကြီးချုပ် ဖရဒ်ဒရစ်ချ်မားဇ်က အောက်တိုဘာ ၄ ရက်မှာ ကိယက်ဗ်မြို့တော်ဆီ သွားရောက်လည်ပတ်ခဲ့ပြီး ယူကရိန်းအတွက် ယူရို ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၃ ဘီလီယံ) တန်ဖိုးရှိတဲ့ စစ်ရေးအကူအညီနဲ့ စွမ်းအင်ဆိုင်ရာ အထောက်အပံ့ အစီအစဉ်တို့ကို ကြေညာခဲ့ပါတယ်။
မားဇ်နဲ့အတူ ဂျာမန်စီးပွားရေးဝန်ကြီး ကက်သရီနာရိုက်ချ်နဲ့ ကုမ္ပဏီအမှုဆောင်အရာရှိတချို့ လိုက်ပါလာပြီး ဒီခရီးစဉ်က ကြောက်ရွံ့တုန်လှုပ်သွားမှာ မဟုတ်တဲ့အကြောင်း ပြသနေတယ်လို့ မားဇ်က ပြောပါတယ်။
“ကျနော်တို့ရဲ့ ခရီးစဉ်နဲ့ တချိန်တည်းဖြစ်ခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့်လည်း ကျနော်တို့ ကြောက်ရွံ့သွားမှာမဟုတ်ဘူး” လို့လည်း မားဇ်က ဆက်ပြောပါတယ်။
မားဇ်နဲ့ ဇလန်းစကီးတို့ဟာ အောက်တိုဘာ ၄ ရက်က ကိယက်ဗ်မြို့မှာ ကျင်းပတဲ့ ယူကရိန်း-ဂျာမန် စီးပွားရေးဖိုရမ်ကို တက်ခဲ့ကြပါတယ်။
ဒီပွဲမှာ ဂျာမန်ကုမ္ပဏီတွေက ယူကရိန်းလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ယူရို ၆ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ သဘောတူညီချက် ၁၆ ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
မြို့တော်မှာ လေကြောင်းရန် သတိပေး ဥဩသံတွေ မြည်ဟည်းနေချိန်အတွင်း ဂျာမနီနိုင်ငံက Diehl Defence ကုမ္ပဏီနဲ့ IRIS-T လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ဒုံးကျည်တွေ ဝယ်ယူတပ်ဆင်ရေးဆိုင်ရာ သဘောတူညီချက်တခုတို့ကို လက်မှတ်ထိုးခဲ့ပါတယ်။
လက်မှတ်ထိုးပွဲအပြီး သတင်းထောက်တွေကို ပြောရာမှာ ဇလန်းစကီးက ရုရှားအစိုးရဟာ ဂျက်အင်ဂျင်သုံး ဒရုန်းနည်းပညာကို မြောက်ကိုရီးယားဆီ မျှဝေပေးလောက်တယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။
မြောက်ကိုရီးယားဟာ စစ်ပွဲကာလအတွင်း ရုရှားဆီ လက်နက်ကြီးကျည်ဆန်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ထောက်ပံ့ပေးထားပြီးသားပါ။
စစ်မြေပြင်မှာ အခက်အခဲတွေ ကြုံနေရပေမဲ့ ရုရှားအစိုးရက ပဋိပက္ခကို ပိုပြင်းထန်လာအောင် ကြိုးပမ်းနေတယ်လို့ ဇလန်းစကီးက ပြောခဲ့ပါတယ်။
ယူကရိန်းအနေနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုကို ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်ပေမဲ့ ရုရှားရဲ့ လုပ်ရပ်တွေက စစ်ပွဲကို ဆက်ကြာနေစေချင်တဲ့ ဆန္ဒပြင်းပြမှုကို ပြသနေတယ်လို့လည်း ဇလန်းစကီးက ပြောခဲ့ပါတယ်။
Source: Reuters










