
ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ပြင်းအား ပမာဏ ၇ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ တပတ်ကျော်ကြာသွားခဲ့ပြီးနောက် သေဆုံးသူ ၃၁၄ ယောက် ထိ ရှိလာပြီလို့ သမ္မတ အာဘီလာဒို ဒေလာ အက်စပရီယဲလာက ဩဂုတ် ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ငလျင်ကြောင့် လူပေါင်း ၄,၄၃၇ ယောက် ဒဏ်ရာရပြီး ၂၆၂ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်သလို စုစုပေါင်း လူဦးရေ ၂၆၂,၀၀၀ ကျော် ဘေးဒုက္ခ ကြုံတွေ့နေရပါတယ်။ နေအိမ် ၃၀,၆၆၄ လုံး ပျက်စီးခဲ့ရပြီး အဆောက်အအုံ ၃၀၂ လုံး ပြိုကျခဲ့ပါတယ်။
ငလျင်ရဲ့ ဗဟိုချက်ဟာ ရှိုကိုပြည်နယ်၊ ဆန် ဟိုဆေဒယ်လ် ပါးလ်မားမှာ ဖြစ်ပြီး ပစိဖိတ်ဆိပ်ကမ်းမြို့ ဘွယ်နာဗင်တူရာကနေ ကွစ်ဘ်ဒိုး၊ ကာလီ၊ ပယ်ရေးရားနဲ့ မာနီဇာလက်စ်စတဲ့မြို့တွေအထိ အခြေခံ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
မကြာသေးခင်ကမှ ရာထူးတက်လာတဲ့ သမ္မတ အက်စပရီယဲလာဟာ ဘတ်ဂျက်လိုငွေပြမှု အပါအဝင် ဘဏ္ဍာရေးအခက်အခဲတွေ ကြုံတွေ့နေရချိန်မှာပဲ ဒီကူညီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ပထမဆုံး စိန်ခေါ်မှုကြီးအဖြစ် ဦးစီးဆောင်ရွက်နေရတာပါ။
သမ္မတဟာ လိုအပ်တဲ့ ရန်ပုံငွေ ရရှိဖို့အတွက် လာမဲ့နာရီပိုင်းအတွင်းမှာ “စီးပွားရေး အရေးပေါ် အခြေအနေ” ကြေညာသွားမယ်လို့ ဆိုပါတယ်။
တိုင်းပြည်ရဲ့ လက်ရှိလိုအပ်ချက်အရ ဦးစားပေးမဟုတ်တော့တဲ့ အရင်အစိုးရရဲ့ ပရောဂျက် အသုံးစရိတ်တွေကို ပြန်လည်သုံးသပ်ပြီး လျှော့ချသွားမှာဖြစ်သလို တချိန်တည်းမှာပဲ ဖြည့်စွက် ဘဏ္ဍာငွေ ရရှိနိုင်မဲ့ အရင်းအမြစ်တွေကို ရှာဖွေသွားပါမယ်။
ဒီလို ဘတ်ဂျက်ချိန်ညှိမှုတွေကြောင့် ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုလံဘီယာပြည်သူတွေကို ထိခိုက်မှု မရှိစေရဘူးလို့လည်း အာမခံခဲ့ပါတယ်။
Source: Reuters











