
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတယောက်ကို စစ်တပ်သတင်းပေး ‘ဒလန်’လို့ စွပ်စွဲသတ်ဖြတ်ခံရမှုအပေါ် ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။
ဒီလို မြေပြင်က တရားလက်မဲ့လုပ်ရပ်တွေဟာ နိုင်ငံတကာမျက်နှာစာမှာ စိန်ခေါ်မှုဖြစ်လာနိုင်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားတွေကို အလေးအနက် ကိုင်တွယ်ဖို့ လိုအပ်နေပြီလို့ ထောက်ပြနေကြပါတယ်။
မေ ၁၅ ရက်က နတ်မောက်မြို့နယ်၊ နလက္ခုပ္ပင်ကျေးရွာက ဈေးဆိုင်ပိုင်ရှင် ဒေါ်ဇင်မေထွန်းကို နတ်မောက် ပ.က.ဖ အဖွဲ့က စစ်တပ်သတင်းပေးဆိုပြီး စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူရဲ့ သားဖြစ်သူ ကိုအောင်ကောင်းခန့်ကတော့ သူ့ရဲ့မိခင်ဟာ ဒလန်မဟုတ်ကြောင်းနဲ့ ဖမ်းဆီးချိန်မှာ သိမ်းဆည်းသွားတဲ့ ဖုန်း ၄ လုံး၊ ရွှေထည်တွေ၊ ဆိုင်ကယ်နဲ့ K-Pay အကောင့်ထဲက ငွေကြေးတွေအပါအဝင် ငွေကျပ် ၈ သိန်းကို ပြန်လည်အပ်နှံခြင်း မရှိတဲ့အပေါ် မေးခွန်းထုတ်ထားပါတယ်။
ဒါ့အပြင် သတင်းပေး ဒလန်ဖြစ်ကြောင်း ခိုင်လုံတဲ့ သက်သေပြဖို့ လူမှုကွန်ရက်ကနေတဆင့် တောင်းဆိုထားတာပါ။
နတ်မောက် ပ.က.ဖ ဘက်ကတော့ ဖြစ်စဉ်ဖြစ်ပွားပြီး တလကျော်ကြာ ဇူလိုင် ၂ ရက်မှာ သေဆုံးသွားသူ အမျိုးသမီးဟာ ဒလန်ဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ မီဒီယာတချို့ကို ဖြေကြားခဲ့ပါတယ်။
အလားတူဖြစ်စဉ်တွေလည်း စစ်တပ်အာဏာသိမ်းကာလတလျောက်မှာ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ မြေပြင်လက်နက်ကိုင်တပ်ဖွဲ့တချို့ရဲ့ စည်းကမ်းမဲ့မှု၊ ဒလန်ခေါင်းစဉ်တပ် ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး NUG ရဲ့ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) ကို ကြီးကြီးမားမား မေးခွန်းထုတ်စရာ ဖြစ်လာစေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုပါတယ်။
လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား မရှိသေးတဲ့ NUG ရဲ့ လက်ရှိအားနည်းချက်ကို ဒေါက်တာစိုင်းကြည်ဇင်စိုးက ထောက်ပြပြောဆိုပါတယ်။
“MODနဲ့ မပတ်သက်တဲ့ ဥပမာ တခြားလူ့အခွင့်အရေးဝန်ကြီးဌာနပဲ ဖြစ်ဖြစ်၊ တရားရေးဝန်ကြီးဌာနပဲ ဖြစ်ဖြစ်၊ အဲလိုမျိုး သီးသန့် Independent ဖြစ်တဲ့ ဒီကျူးလွန်တဲ့ အဖွဲ့အစည်းနဲ့ ဆက်စပ်မှုမရှိတဲ့ စုံစမ်းစစ်ဆေးမှု ပုံစံမျိုး၊ ယန္တရားမျိုး ရှိမနေဘူးဆိုတဲ့ဟာ တွေ့ရတယ်။ အဲဒီတော့ စုံစမ်းမှုပုံစံက သူတို့အောက်က ပေးလာတဲ့ အချက်အလက်ပဲ ကျနော်တို့ ယူသလို ဖြစ်တာပေါ့။ ဒလန် ဆိုရင် သတ်ရမယ်ဆိုတဲ့ ဟိုအတွေးအခေါ် အမူအကျင့်တွေက ကျနော်တို့ စကတည်းက ရှိခဲ့တယ်လို့ ကျနော် မြင်ရတယ်။ ဒလန် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာလုပ်လုပ် သင့်တော်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်နေတယ်။ အဲဒါက အင်မတန် အန္တရာယ်ကြီးတဲ့ ကိစ္စပေါ့နော်။”
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး ကလည်း အလားတူ ဖြစ်ရပ် အမှုကိစ္စတွေနဲ့ ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) ဆီ တိုင်ကြားစာတွေ ပေးပို့ခဲ့တာမျိုး ရှိပေမဲ့ ထိရောက်တဲ့ အရေးယူမှုတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။
ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက “ဒီ NUG-MOD အနေနဲ့ကကျတော့ ကျနော်တို့လည်းပဲ ကျနော်တို့တင်မကဘူးဗျ၊ နယ်ပယ်စုံကနေပြီးတော့ အခုလိုမျိုး လက်နက်နဲ့ တရားဥပဒေမဲ့ ဖမ်းဆီး ဒလန်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖမ်းဆီးသတ်ဖြတ်တဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ တိုင်ကြားခဲ့တာတွေ အများကြီး ရှိတယ်ဗျ။ ကျနော်တို့လည်း တောက်လျှောက် တိုင်ကြားခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ တကယ့်တကယ်တော့ အဲဒီ ကျူးလွန်တဲ့သူတွေကို ပကဖ တာဝန်ရှိတဲ့သူတွေ အပါအဝင် local မှာ တချို့ PDF တွေက ဒီကျူးလွန်တဲ့ တာဝန်ရှိတဲ့လူတွေပေါ့ဗျာ၊ အဲဒီလူတွေက အပြစ်က လွတ်နေတယ်ဗျ” လို့ ပြောပါတယ်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေဟာ စစ်အာဏာရှင်ရဲ့ ကျူးလွန်မှုတွေကိုသာမက တော်လှန်ရေးအင်အားစုတွေဘက်က ချိုးဖောက်မှုတွေကိုပါ ခွဲခြားမှုမရှိဘဲ စတင်မှတ်တမ်းတင်လာနေတာတွေ တွေ့ရတယ်လို့လည်း လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
ဒါကြောင့် NUG အနေနဲ့ ဒလန်စွပ်စွဲချက်နဲ့ လက်လွတ်စပယ် သတ်ဖြတ်မှုတွေကို လုံးဝ သည်းခံခွင့်လွှတ်မှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား ကြေညာဖို့ လိုအပ်နေပြီလို့ သတိပေးနေကြတာပါ။
အချိန်မီ မထိန်းကွပ်နိုင်ပါက တော်လှန်ရေးအင်အားစုတွေဟာလည်း စစ်အာဏာရှင်နည်းတူ လူ့အခွင့်အရေးချိုးဖောက်သူတွေအဖြစ် နိုင်ငံတကာရဲ့ ရှုမြင်မှုကို ခံရနိုင်ခြေရှိတယ်လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆက်လက်သုံးသပ်ထားပါတယ်။
"စစ်ကောင်စီက ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မတရား အနိုင်ကျင့်မှုတွေပေါ့နော်၊ စစ်ကောင်စီပဲ လုပ်တာ မဟုတ်တော့ဘူး ဆိုတဲ့ အခြေအနေမျိုး ကျနော်တို့ ရောက်နေတယ် ဆိုတဲ့ ဟာမျိုးက အခု တဖြည်းဖြည်း ဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံး ဒီပုပ်ထဲက ဒီပဲပဲ ဆိုရင် NUG နဲ့ သူ့ရဲ့ အောက်ထဲမှာလည်း စစ်ကောင်စီလုပ်တဲ့ ဟာတွေ အကုန်လုံး လုပ်နေတာတွေ ရှိနေပါတယ် ဆိုတဲ့ ဟာမျိုး ပေါ့နော်။ ကျနော်တို့ ရွေးစရာမရှိတဲ့ အဖွဲ့ အစုအဖွဲ့ တူတယ်ဆိုတဲ့ ပုံစံမျိုး ကျနော်တို့ ရောက်သွားနိုင်စရာ အစိုးရိမ်စရာ ရှိတယ်။ ဟိုဘက်ကလည်း စစ်ကောင်စီ ဘက်ကလည်း အဲလိုမျိုး ဖြစ်အောင်လို့ သူ့ရဲ့ ဝါဒဖြန့်ချိရေး မိုင်းတွေ သုံးပြီးတော့ အကုန် ဟိုပေါ့ မီဒီယာ Channel တွေ သုံးပြီးတော့ သူတို့ လုပ်နေတဲ့ဟာတွေ ရှိတယ်။ ဆိုတော့ အဲလိုမျိုး အဲဒီ ထောင်ချောက်ထဲပေါ့၊ မဝင်သွားအောင် ကျနော်တို့ သေသေချာချာ ဒီဟာကို အလေးထားပြီးတော့ စီမံဆောင်ရွက်ဖို့ လိုတယ်။”
တော်လှန်ရေးအောင်မြင်ပြီးနောက် အသွင်ကူးပြောင်းကာလ တရားမျှတမှု (Transitional Justice) ကို ဖော်ဆောင်မဲ့ အချိန်အထိ စောင့်ဆိုင်းနေဖို့ မလိုဘဲ၊ လက်ရှိအချိန်မှာတင် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်မဲ့တိကျတဲ့ စစ်ရေးပစ်မှတ် သတ်မှတ်ချက် (Rules of Engagement) နဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားတွေကို NUG က အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်နေပါတယ်လို့လည်း နိုင်ငံရေးနဲ့ လူ့အခွင့်အရေး လေ့လာသုံးသပ်သူတွေက တိုက်တွန်းထားကြပါတယ်။










