DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း မကြာမီ လျှပ်စစ်မီးပေးနိုင်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြော
DVB
·
December 1, 2019
တနိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း မကြာမီ လျှပ်စစ်မီးပေးနိုင်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြော
Donate to DVB

အစိုးရအဆက်ဆက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေဆဲ မြန်မာနိုင်ငံမှာ မကြာခင် တနိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်းကို လျှပ်စစ်မီးပေးနိုင်တော့မယ်လို့ ပြည်ထောင်စုလျှပ်စစ်နှင့်စွမ်းအားဝန်ကြီး ဦးဝင်းခိုင်က ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၃၀ ရက်မှာ လုပ်တဲ့ ရန်ကုန်တိုင်း မှော်ဘီ၊ ဥက္ကံနဲ့အဖျောက်မြို့တွေမှာ ဆောက်လုပ်ခဲ့တဲ့ ဓာတ်အား ခွဲရုံ ၃ ရုံ ဖွင့်ပွဲအခမ်းအနားမှာ အခုလို ပြောဆိုခဲ့တာပါ။

“အခုအစိုးရလက်ထက် ဌာနကို ပြင်ဆင်ဖွဲ့စည်းခဲ့ချိန်မှာ နိုင်ငံတော်ဓာတ်အားစနစ်က တနိုင်ငံလုံးရဲ့ ၃၄ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား ရရှိခဲ့တယ်။၂၀၁၆ ခုနှစ်ကစလို့ ၃ နှစ်ခွဲမှာ ဓာတ်အားလိုင်းနဲ့ခွဲရုံတွေ တိုးချဲ့ဆောက်လုပ်ခဲ့သလို ကျေးလက်မီးလင်းရေးကို ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ မကြာခင် တနိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်းကို လျှပ်စစ်မီးပေးနိုင်တော့မှာ ဖြစ်တယ်” လို့ ဆိုပါတယ်။

အခု အစိုးရလက်ထက် ၃ နှစ်တာ ကာလမှာတော့  ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီနဲ့ ဗို့ ၄၀၀ ဓာတ်အားလိုင်းနဲ့ ခွဲရုံ စုစုပေါင်း မိုင် ၁၉၆၀၀ ကျော်နဲ့၁၂၆၃၆ အမ်ဗွီအေတို့ကို တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော်ဓာတ်အားလိုင်းစနစ်ကနေ တိုးချဲ့ပြီး ကျေးလက်မီးလင်းရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ရာမှာတော့ အခုအခါ မြို့ပေါင်း ၃၆၈  မြို့နဲ့ကျေးရွာပေါင်း ၁၆၉၄၁ ကျော် ဓာတ်အား ရရှိပြီးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

၂၀၂၀ ပြည့် နှစ်ကုန်မှာ ရန်ကုန်တိုင်းက ရွာတွေ အားလုံး လျှပ်စစ်ဓာတ်အားရဖို့ စီမံဆောင်ရွက်နေတယ်လို့လည်း ဖွင့်ပွဲမှာ ပြောဆိုခဲ့ပါသေးတယ်။

လတ်တလော မြန်မာနိုင်ငံမှာ လျှပ်ဓာတ်အား ၃၇၉၈ မဂ္ဂါဝပ်ခန့် ထုတ်လုပ်နေပြီး ရန်ကုန်တိုင်းရဲ့ လျှပ်စစ် သုံးစွဲမှုဟာ အမြင့်ဆုံး ၁၅၄၈ မဂ္ဂါဝပ်ခန့်ရှိရာ တနိုင်ငံလုံးရဲ့ထက်ဝက်နီးပါး သုံးစွဲနေပါတယ်။

အခုဖွင့်တဲ့ စက်ရုံတွေကတော့ 33/11 kV, 5 MVA ဓာတ်အား ခွဲရုံတွေဖြစ်ပြီး မှော်ဘီမြို့မှာ တပ်ကြီးကုန်း ဓာတ်အားခွဲရုံ၊ ဥက္ကံမြို့မှာ ကျွန်းတောကုန်း ဓာတ်အားခွဲရုံနဲ့ အဖျောက်မြို့မှာ အဖျောက်ဓာတ်အားခွဲရုံတို့ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်း ခွဲရုံသစ် ၃ ရုံ တည်ဆောက်နိုင်ခဲ့တာကြောင့် အိမ်ထောင်စု ၄၂၆၆၈ စု ရှိတဲ့ မှော်ဘီမြို့နယ်မှာ နောက်ထပ် ကျေးရွာ ၁၄ ရွာ၊အိမ်ထောင်စု ၁၅၂၀ စု လျှပ်စစ်မီး ရရှိတော့မှာဖြစ်သလို ဥက္ကံမြို့မှာလည်း အိမ်ထောင်စု ၁၉၅၉၇ စုရှိတဲ့အနက် နောက်ထပ်ကျေးရွာ ၅၀ အိမ်ထောင်စု ၃၈၀၃ စု လျှပ်စစ်မီးရတော့မယ့်အပြင် အိမ်ထောင်စု ၈၈၇၁ စုရှိတဲ့အဖျောက်မြို့မှာတော့ နောက်ထပ်ကျေးရွာ၂ ရွာ အိမ် ထောင်စု ၂၅၄ စုဟာလည်း လျှပ်စစ်မီးရတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်း လျှပ်မီးရရေးကို ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်ရာမှာ ၂၀၂၁-၂၀၂၂ ခုနှစ်မှာ တနိုင်ငံလုံးရဲ့ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်မှာ ၇၅ ရာခိုင်နှုန်း ရနိုင်ဖို့ ကြိုးစားဆောင်ရွက်မှာ ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာတော့ တပြည်လုံး သုံးစွဲနိုင်ရေး ရည်မှန်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မှော်ဘီ၊ ဥက္ကံနဲ့ အဖျောက်မြို့တွေမှာ ကျပ်သန်း ၂၈၉၀ လောက် သုံးစွဲ ဆောက်လုပ်ခဲ့တဲ့ ဓာတ်အား ခွဲရုံ ၃ ရုံ ဖွင့်ပွဲအခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013