
ဆော်ဒီအာရေဗျနိုင်ငံရှိ ရေနံစက်ရုံတွေ တိုက်ခိုက်ခံရတာကြောင့် ဆီပံ့ပိုးနေတဲ့အခြေအနေ စိုးရိမ်စရာဖြစ်လာပြီး ဧပြီ ၁၀ ရက်မှာ ဆီဈေးတက်ခဲ့ပါတယ်။
အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား သင်္ဘောဖြတ်သန်းမှု ရပ်တန့်ပြီးနောက် ဆော်ဒီနိုင်ငံရဲ့ ရေနံက ဈေးကွက်ရဲ့ အဓိကအထောက်အပံ့ ဖြစ်နေတာပါ။
အပစ်အခတ်ရပ်စဲတယ်လို့ ကြေညာထားပေမဲ့ ဟော်မုဇ်ရေလက်ကြားမှာ ပုံမှန်အတိုင်း ဖြတ်သန်းခွင့်ရတဲ့ ပမာဏက ကြာသပတေးနေ့မှာ ၁၀ ရာခိုင်နှုန်းအောက်သာ ရှိခဲ့တာ တွေ့ရပါတယ်။
ဆော်ဒီအာရေဗျရှိ အဘီကိုက် ရေနံထုတ်စက်ရုံ မီးလောင်မှုနဲ့ပတ်သက်ပြီး အကြောင်းအရင်းကို မသိရသေးကြောင်း ရိုက်တာက ဖော်ပြပါတယ်။
တနေ့ကို ဆီပေပါ ၆၀၀,၀၀၀ ထုတ်လုပ်နိုင်တဲ့ စွမ်းအင်အဆောက်အအုံတွေနဲ့ တနေ့ကို ရေနံဆီပေါင်း ၇၀၀,၀၀၀ အရှေ့အနောက်ကို သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး သတင်းအေဂျင်စီ SPA က ဧပြီ ၉ ရက် စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဖော်ပြခဲ့တာပါ။
ရေနံစက်ရုံကို ဘယ်သူတိုက်ခိုက်တယ် ဆိုတာကိုတော့ ဝန်ကြီးဌာနက ဖော်ပြတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ဆော်ဒီဟာ အီရန်နိုင်ငံရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေရဲ့ တိုက်ခိုက်မှုကို ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ခံခဲ့ရဖူးပါတယ်။
နောက်ဆုံးတိုက်ခိုက်ခံရမှုတွေမှာလည်း ရေနံသန့်စင်မှုတွေရဲ့ အဓိကနေရာတွေကို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
အဲဒီတုန်းက အရှေ့ပိုင်းပြည်နယ်နဲ့ ယာဘူစက်မှုမြို့တော်တို့ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ SPA က ဖော်ပြပါတယ်။
အီရန်နဲ့ အမေရိကန်တို့ စစ်ပွဲစတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က စပြီး ရေနံစက်ရုံတွေ၊ ပိုက်လိုင်းတွေ၊ သန့်စင်စက်ရုံတွေ တိုက်ခိုက်ခံရတာမျိုးနဲ့ ပတ်သက်ပြီး ဆော်ဒီက အသေးစိတ် သတင်းထုတ်ပြန်တာမျိုး အရင်က မရှိခဲ့ပါဘူး။
အီရန်စစ်ပွဲ ၆ ပတ်ကြာ ကာလအတွင်း ပင်လယ်ကွေ့မှာ ရေနံချက်စက်ရုံ ၅၀ လောက်ဟာ ဒရုန်းတွေ၊ ဒုံးကျည်တွေကြောင့် ပျက်စီးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
တနေ့ကို ဆီ ၂ ဒသမ ၄ သန်းဝန်းကျင် သန့်စင်မှုလုပ်ငန်းတွေ ပျက်စီးခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
Source: Reuters










