မြန်မာကေပေါ့ပ်တေးဂီတအဖွဲ့ Project K ကို ကိုရီးယားနိုင်ငံမှာ လေ့ကျင့်သင်ကြားပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သမ္မတမွန်းကို တောင်းဆိုခဲ့တယ်လို့ ကိုရီးယားနိုင်ငံအခြေစိုက် arirang.com သတင်းမှာ ဖော်ပြပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အာဆီယံ-ကိုရီးယားထိပ်သီးအစည်းအဝေးနဲ့ ပထမ အကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိ စဉ် နိုဝင်ဘာ ၂၆ ရက်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနဲ့ တွေ့ဆုံချိန်မှာ ခုလိုပြောခဲ့တာ ဖြစ်ပါတယ်။
မွန်းဂျေအင်းကတော့ Project K အဖွဲ့ကို ပြုစုပျိုးထောင်တာဟာ နှစ်နိုင်ငံကြား ပိုမိုအား ကောင်းတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့သင်္ကေတဖြစ်လာစေမှာ ဖြစ်ပြီး ထောက်ပံ့ ကူညီပေးမှုတွေ လုပ်ဆောင်သွားဖို့ ကတိပေးခဲ့တာပါ။
လူငယ်ကေပေါ့ပ်ပရိသတ်တွေကြားမှာ ရေပန်းစား လူသိများတဲ့ မြန်မာကေပေါ့ပ် အကအဖွဲ့ Project K ဟာ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါ တယ်။
သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူး နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှုတွေနဲ့ အတူ နာမည်ကြီးလာခဲ့တာပါ။
မနှစ်ကတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ်တချပ် ထွက်ရှိထား ပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။











